ကြို့ပင်ဆိပ်ရွာမှာ စစ်ကောင်စီကအင်အားတိုးချပြီး လူမရှိတဲ့နေအိမ်တွေကို ဝင်မွှေနေ

ကြို့ပင်ဆိပ်ရွာမှာ စစ်ကောင်စီကအင်အားတိုးချပြီး လူမရှိတဲ့နေအိမ်တွေကို ဝင်မွှေနေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာအုပ်စု၊ ကြို့ပင်ဆိပ်ရွာမှာ စစ်ကောင်စီကအင်အားတိုးချပြီး လူမရှိတဲ့ဒေသခံနေအိမ်တွေကို ဝင်မွှေနေတယ်လို့ တောင်ငူခရိုင်-၃၅၀၁၊ တပ်ခွဲ ၁ ထံက သိရပါတယ်။

အော​က်တိုဘာလ ၇ ရက်က ကြို့ပင်ဆိပ်ရွာမှာ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်နဲ့ရဲ အင်အား ၁၀၀ ခန့်ဟာ ထပ်မံရောက်ရှိလာပြီး တပ်စွဲနေထိုင်နေတယ်လို့ ဆိုပါတယ်။

"တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ရွာမှာက လူမရှိတော့ဘူး။ သူတို့ စကစ တွေပဲရှိတော့တာ။ အဲ့တော့ သူတို့က အိမ်တွေကို စိတ်ကြိုက်မွှေနေကြတယ်။ သူတို့တပ်တွေက တောင်ငူဘက်က ပူးပေါင်းတပ်တွေပါဘဲ" လို့ တောင်ငူခရိုင် ၃၅၀၁၊ တပ်ခွဲ ၁ ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

အင်အားဖြည့်ရောက်လာတဲ့ စစ်ကောင်စီအဖွဲ့တွေဟာ ဒေသခံနေအိမ်တွေကို တက်မွှေပြီး ရွှေငွေအပါအဝင် တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်နေတာတွေရှိနေပေမယ့် တန်ဖိုးအခြေနေကိုတော့မသိရသေးဘူးလို့ ဆိုပါတယ်။

အောက်တိုဘာလ ၉ ရက်မနက်ပိုင်းထိ  စစ်ကောင်စီတပ်တွေဟာ ကျေးရွာထဲမှာ နေထိုင်နေပြီး စစ်ရေးလှုပ်ရှားမှုမရှိသေးပေမယ့် နှစ်ဖက်စစ်ရေးအ​​ခြေနေကတော့ တင်းမာတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၇ ရက်မနက် ၅ နာရီခန့်မှာ အင်အား ၃၀ ခန့်ရှိနေတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲသေးတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားလို့ ကြို့ပင်ဆိပ်ရွာက ဒေသခံထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ကလည်း တောင်ငူမြိုနယ်၊ ဆိတ်ဖူးတောင် စစ်ကောင်စီစခန်းကို  KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ ၁၀ ဦးကျော်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း 

#မြေလတ်အသံ

#သတင်း #စစ်ကောင်စီ #မွှေနှောက်ရှာဖွေ #ပဲခူးတိုင်း #တောင်ငူ #စပါးကြွယ်အုပ်စု #KNLA  #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10