ကြံ့ခိုင်ရေးနယ်မြေစည်းရုံးရေးမှူး ၁ ဦး နေအိမ်မှာ ပစ်ခတ်ခံရလို့သေဆုံး

ကြံ့ခိုင်ရေးနယ်မြေစည်းရုံးရေးမှူး ၁ ဦး နေအိမ်မှာ ပစ်ခတ်ခံရလို့သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာစက်ရုံအုပ်စု၊ ရှမ်းရွာနေ ကြံ့ခိုင်ရေးနယ်မြေစည်းရုံးရေးမှူး ၁ ဦး နေအိမ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

မေလ ၁၂ ရက် ည ၈ နာရီခန့်မှာ ရှမ်းရွာကျေးရွာ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ နယ်မြေစည်းရုံး ရေးမှူး)၊ ရာအိမ်မှူး ဦးသန်းမြိုင် ၆၃ နှစ်ဟာ နေအိမ်မှာ ရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။


"သူက ရာအိမ်မှူးလည်း လုပ်တယ်။ အရင်ကတော့ ကြံ့ခိုင်ရေးပါတီက နယ်မြေစည်းရုံးရေးမှူးပါ။ အခုတော့ လုပ်မလုပ် မသိရဘူး။ သူကတော့ ကျေးရွာအုပ်ကြီးက ခိုင်းတာရှိရင် လိုက်လုပ်ပေးရတာတော့ရှိတယ်။ ကျန်တာကတော့ ဘာလုပ်နေလဲဆိုတာတော့ မသိရဘူး"ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးသန်းမြိုင်ဟာ မေးစေ့အောက်ဖက်မှာ ကျည်ဖောက်ဝင်ဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဦးသန်းမြိုင်အလောင်းကို စစ်ကောင်စီအဖွဲ့က စစ်ဆေးဖို့ ဆွာဆေးရုံကို ယူဆောင်သွားပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်လုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

မေလ ၈ ရက် ညကလည်း ရေတာရှည်မြို့နယ်၊ ရဲကုန်းအုပ်စု ဝါးရုံလဲကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် ဦးစိုးကြည် ၄၈ နှစ်ဟာ နေအိမ်မှာ လည်ပင်းကိုဓားနဲ့လှီးပြီး သတ်ဖြတ်ခံရသေးတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10