ကြံ့ခိုင်ရေးပါတီအမာခံရွာက ရွာသားတဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်

ကြံ့ခိုင်ရေးပါတီအမာခံရွာက ရွာသားတဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ၎င်းတို့စစ်ကောင်စီတပ်ကို ထောက်ခံနေတဲ့ ကြံ့ခိုင်ရေးအမာခံရွာက ကျေးရွာသားတဦးကို မတ်လ ၁၄ ရက် ည ၉ နာရီကျော်မှာ ဖမ်းဆီးရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။

ရိုက်နှက်ခံရသူဟာ အင်းတော်မြို့နယ်အတွင်းက ကြံ့ခိုင်ရေးပါတီကြီးစိုးတဲ့ တုံးလုံကျေးရွာက အသက် ၃၀ ကျော်အရွယ် ကိုအောင်ကောက် ဆိုသူဖြစ်ပြီး ရွာအနီးလမ်းမပေါ်မှာ ကျွဲပျောက်ရှာနေချိန် စစ်ကြောင်းနဲ့တွေ့ပြီး ရိုက်နှက်ခံလိုက်ရတာ ဖြစ်တယ်လို့ Indaw Revolution-IR မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။


"သူကျွဲပျောက်ရှာတာကို စစ်ကြောင်းနဲ့တွေ့လို့ တညလုံး ရိုက်နှက်ဖမ်းဆီးထားတာ။ သေတော့ မသေဘူး။ မနက်ကျ ပြန်ခေါ်လာယူဖို့ သူ့မိဘတွေကို ဖုန်းဆက်ပြောတယ်တဲ့။ အခုတော့ သူ့က ရွာကိုပြန်ရောက်နေပြီ။ ဒဏ်ရာတွေကတော့ သိပ်မပြင်းဘူး။ တုံးလုံရွာက စစ်တပ်ကိုထောက်ခံတဲ့ ရွာဖြစ်တယ်ဗျ။ ဒါကြောင့်မို့လို့ ပြန်လွတ်ပေးတာ ထင်တယ်" လို့ ပြောပါတယ်။

ကိုအောင်ကောက်ကို ရိုက်နှက်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်ကား ၄ စီးနဲ့ မိုးညှင်းဘက်ကနေ အင်းတော်မြို့ထဲကို လာချိန် မော်လူးနဲ့ နဘားကျေးရွာအကြား အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

"ည ၉နာရီကျော်မှာပဲ မိုင်းဆွဲခံရတာဗျ။ စကစတွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူး။ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်။ အောင်ကောက်က အဲဒီအချိန်မှာ ကျွဲရှာနေတာ။ အဲဒီမှာတွေ့လို့ ဖမ်းဆီးရိုက်နှက်ခံခဲ့ရတာ။ ဒီကားတွေကတော့ မြို့ထဲက ရိက္ခာကုန်းတပ်ထဲကို ဝင်သွားကြပြီ" လို့ ဆိုပါတယ်။

အဆိုပါ စစ်ကား ၄ စီး တိုက်ခိုက်ခံရပြီးနောက် ကားပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကားလမ်းမတ‌လျှောက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကမ်းနီကျေးရွာက နေအိမ်တလုံးနဲ့ နန်းမကြိုင်ကျေးရွာက နေအိမ်တချို့ ပျက်စီးမှု ရှိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10