ကြံ့ခိုင်ရေးအမတ်ဟောင်း ပျူစောထီးခေါင်းဆောင်အပါ ၅ ဦးကို ဖမ်းမိပြီးနောက် ပြန်ခုခံသူ ၂ ဦးကို ရှင်းလင်း

ကြံ့ခိုင်ရေးအမတ်ဟောင်း ပျူစောထီးခေါင်းဆောင်အပါ ၅ ဦးကို ဖမ်းမိပြီးနောက် ပြန်ခုခံသူ ၂ ဦးကို ရှင်းလင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ထန်းတပင်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ချိန်အတွင်း ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းတဦးအပါအဝင် ၅ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီးနောက် အဲ့ဒီထဲက ပြန်ခုခံတဲ့ ၂ ဦးကို ရှင်းလင်းခဲ့တယ်လို့ တမူးခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။

အင်အား ၅၀ ကျော်ရှိတဲ့ စစ်အုပ်စုစခန်းကို နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၁ နာရီကျော်မှာ တမူးခရိုင်တပ်ရင်း ၄ နဲ့ မဟာမိတ်အဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ကြတာပါ။

"ဒီလူတွေက ခြေထောက်မှာဒဏ်ရာတွေရပြီး မပြေးနိုင်လို့ ဖမ်းမိခဲ့တာ။ အဲဒီထဲက ၂ယောက်က ပြန်လည်ခုခံတိုက်ခိုက်လို့ ပစ်သတ်လိုက်ရတယ်” လို့ တမူးခရိုင်တပ်ရင်း ၄ မှတာဝန်ရှိသူက ပြောပါတယ်။

တမူးမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဌလည်းဖြစ်  ၂၀၁၀ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းဖြစ်သူ ဦးမြင့်အောင် ၅၁ နှစ်နဲ့ PDF ကနေ စစ်ကောင်စီထံအလင်းဝင်ထားသူ ၁ ဦးအပါအဝင် ပျူစောထီး ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

"ကျမတို့ဖမ်းမိတဲ့ ပျူစောထီး ၅ ယောက်ထဲမှာ PDF ဆီကနေ စကစဆီမှာ အလင်းဝင်ပြီးတော့ ပျူစောထီးလုပ်နေတဲ့ ၁ ယောက်ပါတယ်။ သူက တိုက်ပွဲမှာ လက်မောင်းဒဏ်ရာရထားတယ်။ သူ့ကိုတော့ ကျမတို့က သူ့ရဲ့ PDF မိခင်တပ်ရင်းကို ပြန်လွဲပေးလိုက်တယ်" လို့ တမူးခရိုင်တပ်ရင်း ၄ မှ တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ PDF ကနေ စစ်ကောင်စီထံအလင်းဝင်လာသူ ၂ ဦးက ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၃ ဦးကို သတ်ခဲ့တယ်လို့ ရေးသားထားပေမယ့် ဒီဖြစ်စဥ်က မမှန်ဘူးလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ ဦးမြင့်အောင်နဲ့ ကျန်ပျူစောထီးတဦးကိုသာ တမူးခရိုင်တပ်ရင်း ၄ စခန်းမှာ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်မှာလည်း ထန်းတပင်ရွာအနီး စစ်ကောင်စီအဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ချပြီး တမူးခရိုင် တပ်ရင်း ၄ ဆီကို အလင်းဝင်ရောက်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ပုံစာ -  စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပျူစောထီးသင်တန်း (ပုံဟောင်း)

စာတည်း - လင်း

 #မြေလတ်အသံ

#စစ်ကိုင်း #တမူး #တိုက်ပွဲ #ပျူစောထီး #ဖမ်းမိ #ရှင်းလင်း #သတင်း #မြေလတ်သတင်း

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10