ကွမ်းနုဝါ အထွက်နည်းပြီး ဈေးကောင်းရနေ

ကွမ်းနုဝါ အထွက်နည်းပြီး ဈေးကောင်းရနေ

ကွမ်းနုဝါလို့ လူသိများကြတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာကထွက်ရှိတဲ့ ကွမ်းရွက်စျေးတွေဟာ စျေးကောင်းရနေ သော်လည်း ကွမ်းရွက်အထွက်နှုန်းတွေ အရင်ကထက် လျော့ကျသွားခဲ့တယ်လို့ ကွမ်းစိုက်တောင်သူတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာလ တတိယပတ်လောက်ကနေစပြီး ကွမ်းခြံတွေမှာ ကွမ်းရွက်အထွက်နှုန်း အရင်ကထက် တဝက်နီးပါး လျော့ကျသွားတာကြောင့် ကွမ်းရွက်ရှားပါမှုနဲ့ ကြုံတွေ့နေရတယ်လို့ ကွမ်းဒိုင်တွေဆီကနေ သိရပါတယ်။

နှစ်စဉ် ပွင့်လင်းရာသီရောက်လာတဲ့အခါ ကွမ်းရွက်ဈေးမြင့်တက်လေ့ရှိပြီး ဒီနှစ်မှာလည်း ၁ ပိဿာ ၂၄,၀၀၀ ကျပ်အထိ ဈေးကောင်းရလျက်ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၃ ဒီဇင်ဘာလအစောပိုင်းက ကွမ်းနုဝါ ၁ ပိဿာကို ကျပ် ၁၆, ၅၀၀ ထိ ပေါက်ဈေးရှိခဲ့ပြီး အခုနှစ် ဒီဇင်ဘာလမှာတော့ ၁ ပိဿာကို ၂၄, ၀၀၀ ကျပ်အထိ ဈေးကောင်းရနေတာလို့ မုံရွာကွမ်းဒိုင် ပိုင်ရှင် အမျိုးသမီးတဦးက ပြောပါတယ်။

"အေးလာတဲ့အခါ အစာချက်အား နည်းသွားတာ။ အစား သိပ်မစားနိုင်တော့ အထွက်နှုန်းလျော့သွားတယ်။ ရာသီဥတုနဲ့လည်း ဆိုင်သလို တောင်သူနဲ့လည်း ဆိုင်တယ်။ ခြံအိုတွေက များတာကိုး၊ မိုးရာသီလက်ကျန် ကွမ်းခြံတွေက အိုသွားတော့ မြေတွေက မာသွားရော။ အဲ့မှာ အစာချက်အားနည်းသွားတယ်။ မြေကို တူးဆွပေး ကောက်ရိုးတွေနဲ့ အနွေးဓာတ်ပေးရတာတို့ လုပ်ပေးရတယ်။" လို့  ၂၃ နှစ်ကြာ ကွမ်းစိုက်ပျိုးခဲ့တဲ့ တောင်သူတဦးက ပြောပါတယ်။

နိုဝင်ဘာလက ကွမ်းနုဝါစျေး ၁ ပိဿာကို ၁၈,၀၀၀ ကျပ် နဲ့  ၂၀,၀၀၀ ကျပ် ကြားရှိခဲ့ပြီး ဒီဇင်ဘာလအတွင်းမှာတော့ ကွမ်းနုဝါ ၁ ပိဿာကို ကျပ် ၂၄,၀၀၀ အထိစျေးပေါက်နေတာပါ။ 

ကွမ်းရွက်စျေးတွေ မြင့်တက်နေပေမယ့် ကွမ်းခြံက ကွမ်းရွက်အထွက်နှုန်းဟာ အရင်က ကွမ်းရွက်ပိဿာ ၃၀၀ ကျော်ထွက်တဲ့ ကွမ်းခြံဟာ အခုဆောင်းရာသီမှာတော့ ပိဿာ ၁၅၀ ကျော် လောက်သာထွက်တော့တယ်လို့ သိရပါတယ်။

ကွမ်းရွက် အထွက်နှုန်းလျော့ကျသွားတဲ့အခါ ဓာတ်မြေသြဇာနဲ့ ရွက်ဖျန်းအားဆေးတွေကို အရင်ကထက် ပိုအသုံးပြုပေးရတာကြောင့် အကုန်အကျများပြားလာခဲ့တယ်လို့ ကွမ်းစိုက်တောင်သူတွေက ပြောပါတယ်။

စက်တင်ဘာလက ဓာတ်မြေသြဇာ ၁ ပြည်ကို ကျပ် ၂,၀၀၀ သာရှိပြီး အခု ဒီဇင်ဘာလမှာတော့ ၁ ပြည်ကို ၄,၃၀၀ကျပ်၊ ရွက်ဖျန်းအားဆေး ၈,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်ထိ ၂ ဆကျော်နီးပါး စျေးတွေ မြင့်တက် သွားခဲ့တယ်လို့ ဆိုပါတယ်။

ကွမ်းရွက် အထွက်နှုန်းလျော့ကျသွားပေမယ့် ကွမ်းစျေးတွေ ဆက်တိုက်မြင့်တက်လာနေတာကြောင့် စိုက်ပျိုး ကုန်ကျစရိတ်ကို ကာမိပြီး အမြတ်ရှိတယ်လို့ ကွမ်းစိုက်တောင်သူတွေက ပြောပါတယ်။ 

ကွမ်းအပင်ရေ ၁ ထောင်ရှိတဲ့ ခြံ ၁ ခြံ ကို ဆောက်လုပ်ဖို့ ငွေကျပ် ၂၅ သိန်းကျော်နီးပါး ကုန်ကျတယ်လို့လည်း သိရပါတယ်။

ကွမ်းရွက်အထွက်နှုန်းလျော့ပြီး ကွမ်းရွက်တွေရှားပါးလာတဲ့အခါ ကွမ်းဒိုင်တွေအနေနဲ့ အခြားသော မြို့နယ်တွေဆီကို တင်ပို့ရတဲ့အခါ ကွမ်းရွက်မလုံလောက်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေရတယ်လို့ မုံရွာကွမ်းဒိုင်တွေက ပြောပါတယ်။

မုံရွာကွမ်းရွက်တွေကို မန္တလေး၊ နေပြည်တော်၊ မူဆယ်၊ မိုးကောင်း၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ တနိုင်း၊ ပခုက္ကူ၊ မကွေး စတဲ့ မြို့နယ်တွေဆီကို တင်ပို့ရတယ်လို့ သိရပါတယ်။

ကွမ်းနုဝါလို့ အမည်တွင်တဲ့ မုံရွာကွမ်းတွေကို မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်၊ လယ်ဇင်၊ သက္ကယ်ကျင်း၊ အောင်သာ၊ ကြားပိုင်စတဲ့ ကျေးရွာတွေမှာ အဓိကထား စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

သတင်း - ခေတ်သဒ္ဒါ၊ စာတည်း - JCG

#မြေလတ်အသံ

#ကွမ်းနုဝါ #စစ်ကိုင်း #မုံရွာ #ကွမ်းရွက် #စိုက်ပျိုးရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10