ကွာရန်တင်း(Quarantine)ဆောင်တွေ လုပ်ထားရတဲ့ထိ စခန်းတွင်း ယားနာရောဂါကူးစက်မှု ပြန့်ပွားနေ

ကွာရန်တင်း(Quarantine)ဆောင်တွေ လုပ်ထားရတဲ့ထိ စခန်းတွင်း ယားနာရောဂါကူးစက်မှု ပြန့်ပွားနေ

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အခြေစိုက် မင်းဘူးခရိုင်တပ်ရင်း ၃ မှာ တပ်ဖွဲ့ဝင်အများစု ယားနာရောဂါ ဖြစ်ပွားနေပြီး ကူးစက်မှုတွေလည်းရှိနေတာကြောင့် ကွာရန်တင်း (Quarantine)ဆောင်တွေ ဆောက်လုပ်ကာ သီးသန့်ထားပြီး ကုသပေးနေရတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄အောက်တိုဘာလကစပြီး ရေမသန့်တာကြောင့် တပ်ဖွဲ့ဝင်တချို့မှာ ယားနာစတင်ဖြစ်ပွားခဲ့ပြီး စခန်းမှာ လူအများနဲ့နေရတဲ့အတွက် တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာ၊ အဝတ်အစားတွေ ဝေမျှဝတ်ရတာတွေကြောင့် တပ်ဖွဲ့ဝင် အယောက် ၇၀ ထိ ကူးစက်လာတယ်လို့ ဆိုပါတယ်။

“တဖြည်းဖြည်း ကုရင်းကုရင်းသားကနေပြီးတော့ သူတို့က Infection(ရောဂါပိုး)တွေ ဝင်သွားပြီးတော့ ကူးစက်ရောဂါတွေ ဖြစ်သွားပြီး ကွာရန်တင်း ဝင်လိုက်ရတာပါ။ လူနေမှုပုံစံကလည်း PDF ထဲမှာဆိုတော့ ဖြစ်သလိုနေ ဖြစ်သလိုစား၊ အဝတ်တွေ ဘာတွေကမှအစ အဲ့လိုဆိုတော့ တယောက်နဲ့တယောက် ကူးစက်ရောဂါပိုး ဖြစ်သွားတာ။”လို့ မင်းဘူးခရိုင် တပ်ရင်း ၃ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ယားနာရောဂါဖြစ်တဲ့ တပ်ဖွဲ့ဝင်တွေကို အဆိုးဆုံးအခြေနေ၊ အလယ်အလတ်အခြေအနေနဲ့ သက်သာလာတဲ့အခြေအနေဆိုပြီး အဆင့် ၃ ဆင့်ခွဲကာ ကွာရန်တင်းဆောင်တွေ ဆောက်လုပ်ပေးထားရပြီး သူတို့အတွက် ရိက္ခာနဲ့ ဆေးဝါးတွေကိုလည်း စနစ်တကျစီစဥ်ကာ စခန်းနဲ့ဝေးတဲ့တနေရာမှာ သီးသန့်ထားပြီး ကုသပေးနေတယ်လို့ ဆိုပါတယ်။ 

အခုလက်ရှိ ယားနာရောဂါဖြစ်တဲ့ တပ်ဖွဲ့ဝင် အယောက် ၇၀ ထဲမှာ သက်သာလာသူ အယောက် ၃၀ ကတော့ ကွာရန်တင်းဆောင်ကနေ ထွက်ကာ စခန်းကို ပြန်နိုင်ပြီဖြစ်ပြီး တပ်ဖွဲ့ဝင် အယောက် ၄၀ ကတော့ သီးသန့်ထားကာ ဆေးဆက်လက်ကုပေးနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးကုသရေးကိုတော့ ခရိုင်ဆရာဝန်တွေရဲ့ ညွှန်ကြားမှုနဲ့ စခန်းမှာရှိတဲ့ ဆေးသင်တန်းဆင်း တပ်ဖွဲ့ဝင်တွေက ကုသပေးနေတာဖြစ်ပြီး ဆေးမလုံလောက်မှုတွေ ရှိနေတဲ့အပြင် ယားနာရောဂါဖြစ်တဲ့ တပ်ဖွဲ့ဝင်တွေ သီးသန့်ဝတ်ဖို့ အဝတ်အစား၊ အောက်ခံဘောင်းဘီနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“အသားပြဲအောင် ကုတ်ရတဲ့ထိကို ရဲဘော်တွေ ယားတယ်။ တချို့ရဲဘော်တွေဆိုရင် အမျိုးသားအင်္ဂါတွေမှာတောင် ဖြစ်တာပေါ့။ ကူးစက်ရောဂါတခုအနေနဲ့ဆိုတော့ တချို့ရဲဘော်တွေဆိုရင် ရှက်တယ်ပေါ့၊ တချို့ဟာတွေဆို မပြရဲဘူး။ ရှက်စရာမဟုတ်ဘူး အဲ့လိုမျိုးကအစ ပညာပေးပြီးတော့ကို ပြန်ကုရတဲ့အနေအထားပေါ့၊ ရှက်မနေနဲ့ ဒီဥစ္စာပျောက်မှ တို့အလုပ်ကောင်းကောင်းလုပ်နိုင်မယ်ဆိုတဲ့ စည်းရုံးမှုတွေပါ လုပ်ဆောင်ခဲ့ရတာ။”လို့ သူက ဆက်ပြောပါတယ်။

အခုလို တပ်ဖွဲ့ဝင်အများစု ယားနာကူးစက်ရောဂါ ဖြစ်ပွားနေတာကြောင့် တပ်ဖွဲ့မှာ လုပ်ဆောင်ရမယ့် စစ်ရေးလှုပ်ရှားမှုတွေနဲ့ တိုက်ပွဲဖော်ဆောင်မှုတွေကိုလည်း အချိန်ရွှေ့ဆိုင်းလိုက်ရတယ်လို့ တပ်ဖွဲ့တာဝန်ရှိိသူက ဆိုပါတယ်။

ဒါ့အပြင် ဂန့်ဂေါမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေမှာလည်း အင်းဆက်ပိုးကောင်တွေရဲ့အမှုန်အမွှားနဲ့ ရေမသန့်တာတွေကြောင့် ယားနာရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#မကွေး #စေတုတ္တရာ #ယားနာ #ကူးစက် #ရဲဘော် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10