ခင်ဦးက ရွာတွေကို စစ်ကြောင်းထိုးလို့ ဒေသခံ ၂၀,၀၀၀ ခန့် ထွက်ပြေးနေရ၊ စစ်ရှောင် ၁ ဦး အမောဖောက်သေဆုံး

ခင်ဦးက ရွာတွေကို စစ်ကြောင်းထိုးလို့ ဒေသခံ ၂၀,၀၀၀ ခန့် ထွက်ပြေးနေရ၊ စစ်ရှောင် ၁ ဦး အမောဖောက်သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံ ၂၀,၀၀၀ ခန့် ထွက်ပြေးနေရပြီး အဲ့ဒီအထဲက အသက် ၆၇ နှစ်အရွယ် အဘိုးအိုတဦး အမောဖောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေဦးမြို့နယ်၊ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့စစ်တပ်က စစ်ကား ၄ စီးနဲ့ သြဂုတ် ၂၂ ရက် ဒီနေ့ မနက် ၇ နာရီမှာ ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ကို ရောက်ရှိလာပြီး ရွာသစ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ အနီးအနားက ကျေးရွာတွေကို သေနတ်တွေနဲ့ပစ်ခတ်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ခင်ဦးမြို့နယ်အနောက်ခြမ်းတခုလုံးကို စစ်ကြောင်းထိုးနေတာ။ မိုးကလည်း တနေကုန်ရွာနေတယ်။ ဒေသခံတွေလည်း ထော်လာဂျီတွေ ဗွက်ထဲနစ်လို့ ဒီအတိုင်းရပ်ထားပြီး ပြေးတဲ့သူတွေက ပြေးနေရတယ်။ မိုးရေနဲ့ ဆိုင်ကယ်လဲပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်" လို့ Khin Oo Support Organization(KSO)အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။

အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ အခုလို စစ်ကြောင်းထိုးပစ်ခတ်နေတာကြောင့် အင်းပတ်၊ မြင်းတောင်း၊ မရမ်းအင်း၊ ကုန်းသာ၊ အောင်သာ၊ အင်းပေါက်၊ သဲကုန်းကြီး၊ ကျွန်းလယ်၊ ကျွန်းစွယ်၊ မှန်တော၊ ရွှေယမင်းစတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ၂၀လောက်က ဒေသခံ ၂၀,၀၀၀ ‌ခန့်ထွက်ပြေးနေရတာလို့ သိရပါတယ်။

ဒီလိုထွက်ပြေးကြရာမှာ မရမ်းအင်းကျေးရွာက အသက် ၆၇ နှစ်အရွယ် ဦးတင့်ဆိုသူဟာ မိုးရေထဲ ထွက်ပြေးခဲ့ရတာကြောင့် အမောဖောက်လေဖြတ်ကာ လမ်းမှာတင် သေဆုံးသွားတာလို့ သိရပါတယ်။

"လေဖြတ်ပြီး ချက်ချင်းဆုံးသွားတာ။ ဝေးဝေးတောင် မပြေးနိုင်လိုက်ဘူး။ အခုနာရေးချနေပြီ" လို့ Khin Oo Support Organization(KSO)အဖွဲ့တာဝန်ခံဗိုလ်လင်းရောင်က ပြောပါတယ်။

လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ အောင်သာကျေးရွာအတွင်းကို ဝင်မွှေနေတယ်လို့ သိရပါတယ်။

သြဂုတ် ၈ ရက်ကလည်း ရေဦးတိုင်းရင်းဆေးရုံဘက်က စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် မရမ်းအင်းကျေးရွာက အသက် ၁၀နှစ်အရွယ်ကလေးအပါအဝင် ဒေသခံပြည်သူ ၄ ဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

ဓါတ်ပုံ - People’s Defense Comrade။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #ခင်ဦး #စစ်ကြောင်းထိုး #ပစ်ခတ် #ဒေသခံ #ထွက်ပြေး #သေဆုံး #စစ်ဘေးရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10