ခင်ဦးက စစ်ဘေးရှောင် ၃ ထောင်ကျော် အလှူရှင်မရှိလို့ စားသောက်ရေး အခက်ကြုံနေ

ခင်ဦးက စစ်ဘေးရှောင် ၃ ထောင်ကျော် အလှူရှင်မရှိလို့ စားသောက်ရေး အခက်ကြုံနေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေကို ဝင်ရောက်မီးရှို့တာကြောင့် ဒေသခံ ၁ သောင်းကျော်ထွက်ပြေးခဲ့ရပြီး ၎င်းတို့အနက်က စစ်ရှောင် ၃,၀၀၀ ကျော်ဟာ အလှူရှင်မရှိလို့ စားသောက်ဖို့ အတွက် အခက်အခဲဖြစ်နေကြတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇွန်လ ၁ ရက်ကနေ ၃ ရက်အထိ အင်အား ၁၀၀ ကျော်ပါတဲ့စစ်ကြောင်းက ခင်ဦးနယ်ထဲက ရွာသစ်၊ မူးသာ၊ မရမ်းအင်းရွာတွေ ဝင်ရောက်မီးရှို့ တပ်စွဲတာကြောင့် အနီးအနားဝန်းကျင်က ကုန်းသာ၊ ချမ်းသာကုန်း၊ အင်းပတ်၊ အောင်သာ၊ သဲကုန်းကြီး၊ ကျီးအိုင်ရွာက ဒေသခံ ၁ သောင်းကျော်ဟာ အခုလို ထွက်ပြေးတိမ်းရှောင်ခဲ့တာပါ။ 

ရွာတွေကို မီးရှို့တဲ့စစ်ကြောင်းဟာ တပ်စွဲထားတဲ့ မရမ်းအင်းကျေးရွာကနေ ဇွန်လ ၄ ရက်မနက်ပိုင်းမှာ ပြန်လည် ထွက်သွားလို့ ဒေသခံ ၁ သောင်းကျော်ထဲက ၇ ထောင်ကျော်ဟာ မိမိတို့ကျေးရွာတွေဆီကို ပြန်သွားကြပေမယ့် ကျန်ခဲ့တဲ့ ၃,၀၀၀ကျော်ရဲ့ ကျေးရွာတွေဟာ စစ်တပ်စခန်းချထားတဲ့ပျူရွာတွေအနီးမှာ ရှိတာကြောင့် ရွာမပြန်ရဲဘဲ ဆက်လက်စစ်ရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့တွေက ပြောပါတယ်။

"လူဦးရေက အရမ်းများတော့ အဓိက စားစရာလိုအပ်နေပါတယ်။ ကျနော်တို့မြို့နယ်မှာ လုပ်ကိုင်စားသောက်ဖို့ အချိန်က မရှိတော့ဘူး။ စစ်ကြောင်းက အမြဲတမ်းလိုလိုထိုးနေတော့ ဒေသခံတွေက အမြဲတမ်းထွက်ပြေးနေရ တာ။ ဒီအထဲ အသက်ကြီးသူတွေဆို ဆုံးသွားရတဲ့အထိပဲ။ တခါတလေဆို ထမင်းတောင်ငတ်ကြတယ်။ လှူပေးတဲ့ သူက မရှိတော့" လို့  ခင်ဦးမြို့နယ် ပြန်ကြားရေးမှ တာဝန်ခံက ဆိုပါတယ်။

ဒေသခံတွေဟာ မိုခါမှာပျက်စီးသွားတဲ့ ယာခင်းထဲက ပဲခြောက်တွေကို ကောက်ပြီး ဝမ်းရေးကိုဖြေရှင်းနေရတဲ့ အချိန်မှာ အခုလို စစ်ကြောင်းဝင်လို့ ဘာမှ မလုပ်နိုင်ဘဲ အသက်လုပြေးခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။ 

"ဆန်အညံ့ဆုံးတပြည်ကို ၄ ထောင်ရှိတယ်။ ပဲခြောက် တမနက်ကောက်လို့ ဆန်တပြည်မရဘူး။ ဆန်ကွဲတွေပဲ ဝယ်စားနေရတာ။ ဆန်ကွဲ တပြည်ကို ၃ ထောင်ရှိတယ်လေ။ အခုလိုပြေးနေရရင် ဆန်ဖိုးလည်းမရဘူး။ ခြေစုံပိုက်ပြီး ပြေးနေရတာ။ အခု စစ်ရှောင်တွေဆီ ကျနော်တို့သွားရင် ဘာကူညီပေးမှာလဲ ဆိုပြီးတော့ မေးကြတာ" လို့  စစ်ရှောင်တွေနေထိုင်စားသောက်ရေးအတွက် ကူညီနေတဲ့ ခင်ဦးမြို့နယ်ပြန်ကြားရေးမှ တာဝန်ခံက ဆိုပါတယ်။

အလှူရှင်တွေမရှိတာကြောင့် မိမိတို့အဖွဲ့အနေနဲ့လည်း ဒီလူတွေကို ရေရှည်ကူညီဖို့ ငွေကြေးက လုံးဝပြတ်တောက်သွားတဲ့အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်​ကြားရေးအဖွဲ့က ပြောပါတယ်။

စစ်ရှောင်တွေ လတ်တလောခိုလှုံမယ့် နေရာတွေချပေးတာ၊ ထမင်းထုပ်တွေ ဝေငှတာတွေကို မိမိတို့အဖွဲ့နဲ့အတူ နီးစပ်ရာ ကျေးရွာတွေက ဝိုင်းဝန်းကူညီပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်ရှောင်ဦးရေဟာ တရက်ထက် တရက်ပိုတိုးလာနေပေမယ့် အလှူရှင် မရှိတာကြောင့် ရေရှည်မှာ စားသောက်နေထိုင်ရေး အခက်အခဲဖြစ်လာတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စစ်ရှောင်တွေကို ထောက်ပံ့လှူဒါန်းလိုပါက ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့  Page Messager ကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သူက ပြောပါတယ်။ 

ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့။ 

 

သတင်း - အောင်စိုး၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#ခင်ဦး  #စစ်ဘေးရှောင် #မီးရှို့ #PDF #စစ်ကိုင်းတိုင်း

#အစားအသောက် #အခက်အခဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10