ခင်ဦးက ပစ်ခတ်ဖမ်းဆီးမှုအတွင်း သေဆုံးခဲ့တဲ့ ၃ နှစ်သားကလေးရဲ့ မိခင်ကို ထောင်ဒဏ် ၇ နှစ်ချ

ခင်ဦးက ပစ်ခတ်ဖမ်းဆီးမှုအတွင်း သေဆုံးခဲ့တဲ့ ၃ နှစ်သားကလေးရဲ့ မိခင်ကို ထောင်ဒဏ် ၇ နှစ်ချ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ကို စစ်တပ်ကဝင်ရောက်စီးနင်းစဥ်  ဖမ်းဆီးခံလိုက်ရတဲ့ မသီတာဦးကို စစ်ခုံရုံးက စက်တင်ဘာလ ၁၉ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၇ ရက်က မြကန်သာရပ်ကွက်ကို စစ်တပ်က ပစ်ခတ်စီးနင်းဝင်ရောက်စဉ် မသီတာဦးရဲ့ အသက် ၃ နှစ်အရွယ် သားအကြီးဖြစ်သူ ကိုကိုထက် သေနတ်ကျည်ထိမှန်သေဆုံးခဲ့ပြီး အမွှာသားငယ်ဖြစ်သူ ညီညီထက်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ကာ ၁ လကျော်အကြာမှာ အခုလိုထောင်ဒဏ်ချ မှတ်ခဲ့တာပါ။

"ဘာအပြစ်မှမရှိဘဲ သပ်သပ်စွပ်စွဲပြီး အမိန့်ချလိုက်တာပါ" လို့ မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီဘက်က တယ်လီဂရမ်တွေမှာတော့ မသီတာဦးဟာ PDFတွေသွားလာနေတာကိုတွေ့လျက်နဲ့ စစ်တပ်ကို သတင်းမပေးလို့ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့  ထောင်ဒဏ် ၇နှစ်ချမှတ်ခဲ့တာ လို့ ရေးသားထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရမှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဟာ မြကန်သာရပ်ကွက်ရှိ PDFအဖွဲ့ဝင် ကိုမျိုးကျော် နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ ကိုမျိုးကျော်ရဲ့အမျိုး သမီးဖြစ်သူ မသီတာဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်တွေမှာ စွပ်စွဲဖော်ပြပေမယ့် မသီတာဦးရဲ့ အမျိုးသားကိုထက်ဝေဟာ သာမာန်ပြည်သူသာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရပြီးနောက် မသီတာဦးရဲ့သားငယ် မောင်ညီညီထက်ကို စစ်တပ်ကပြန်လွှတ်ပေးခဲ့ပေမယ့် သေနတ်ကျည်ထိမှန်သေဆုံးခဲ့သူ မောင်ကိုကိုထက်ရဲ့ရုပ်အလောင်းကိုပြန်မပေးခဲ့ဘူးလို့ သိရပါတယ်။

ဝင်ရောက်စီးနင်းစဥ်မှာ တရပ်ကွက်လုံးကို သေနတ်နဲ့ တရစပ်ပစ်ခတ်ခဲ့တာမို့ မြကန်သာရပ်ကွက်နေ အသက် ၅၀ အရွယ် ဦးဖိုးပိန် သေဆုံးခဲ့သလို ကိုဒိုးဒိုး၊ ကိုချမ်း၊ ကိုဖိုးဝိုင်းတို့လည်း ကျည်ထိမှန်ဒဏ်ရာတွေရရှိခဲ့ကာ ကိုကုလားလေးဆိုသူကိုလည်း ဖမ်းဆီးပြီးတဲ့နောက် သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့ပါသေးတယ်။

ခင်ဦးမြို့နယ်အပါအဝင်  စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချုပ်ရေးမြို့တွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ခုံရုံးနဲ့စစ်ဆေးပြစ်ဒဏ်ချမှတ်ထားသူ  ၂၅၀ နီးပါးရှိနေပြီလို့ စစ်တပ်သတင်းထုတ်ပြန်ရေး တယ်လီဂရမ်တွေမှာ ဖော်ပြထားပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ခင်ဦးသတင်း #စစ်ကိုင်း #ခင်ဦး #စစ်ခုံရုံး #ထောင်ဒဏ်ချမှတ် #MilitaryCoup #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10