ခင်ဦးက ပြည်သူ ၆ သောင်းကျော် နေစရာနဲ့ စားနပ်ရိက္ခာအပြင် အနွေးထည်တွေ လိုအပ်နေ

ခင်ဦးက ပြည်သူ ၆ သောင်းကျော် နေစရာနဲ့ စားနပ်ရိက္ခာအပြင် အနွေးထည်တွေ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အာဏာသိမ်းအပြီး ၂ နှစ်နီးပါးကာလမှာ စစ်ကောင်စီက မီးရှို့ခဲ့တဲ့ကျေးရွာပေါင်း ၅၈ ရွာထဲမှာ ၂၇ ရွာက ပြည်သူပေါင်း ၆ သောင်းကျော် နေစရာအိမ် လိုအပ်နေကြပါတယ်။

သူတို့ဟာ နေအိမ်တွေမရှိကြတော့သလို တချို့ကျေးရွာတွေမှာဆိုရင် စစ်ကောင်စီက ပျူစောထီးတွေနဲ့ပေါင်းပြီးတော့ စခန်းချထားတာကြောင့် ကျေးရွာထဲကို ပြန်မသွားနိုင်ကြဘဲ နီးစပ်ရာတောထဲတွေနဲ့ ကျေးရွာတွေမှာ ခိုလှုံနေကြရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ရွာလုံးကျွတ်မီးရှို့ခံလိုက်ရတဲ့ရွာတွေထဲက တချို့ဒေသခံတွေဆိုရင် နေစရာမရှိတော့ ကိုယ့်ရွာကို ပြန်ဝင်ပြီးတော့ ပြာပုံပေါ်မှာဘဲ တဲထိုးပြီးနေရတဲ့သူတွေရှိတယ်။ တချို့ဆိုရင် ရွာကိုပြန်ဝင်ချင်ကြပေမယ့် စစ်ကောင်စီတွေက တပ်စွဲထားတယ်။ အဲဒါကြောင့် တောထဲတွေမှာ သစ်ပင်အောက်တွေမှာ မိုးကာနဲ့တဲထိုးပြီးတော့ ဖြစ်သလိုနေ နေကြရပါတယ်"လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလိုတောထဲတွေမှာ တဲထိုးပြီးတော့ နေထိုင်ကြရတဲ့ဒေသခံတွေအတွက် ဆောင်းရာသီဖြစ်တာကြောင့် စောင်တွေ၊ အနွေးထည်တွေနဲ့ စားနပ်ရိက္ခာတွေလည်း အများကြီးလိုအပ်နေသေးတယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

"လောလောဆယ်တော့ ကျနော်တို့အဖွဲ့တွေက ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေရဲ့အကူအညီတွေနဲ့ အဓိကလိုအပ်တာလေးတွေကို ဖြည့်ပေးထားပါတယ်။ စားသောက်ဖို့အတွက် ဆန်တွေ၊ ကုန်စိမ်းတွေကို ခွဲတမ်းချပြီးတော့ ဝေပေးနေပါတယ်။လူဦးရေကများတော့ အကူအညီတွေက အများကြီးလိုအပ်နေပါသေးတယ်။ အလှုရှင်တွေအနေနဲ့လည်း လှူဒါန်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်"လို့ ဆိုပါတယ်။

အခုလက်ရှိ ခင်ဦးမြို့နယ်ထဲမှာ တိုက်ပွဲမဖြစ်တာ၊ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို ဝင်ရောက်မီးရှို့နေတာတွေမရှိတော့တာ တလခွဲနီးပါးရှိနေတာကြောင့် မီးရှို့မခံလိုက်ရတဲ့ ရွာတွေက တချို့လယ်သမားတွေဆိုရင် သူတို့ရဲ့စပါးတွေကို ရိမ်သိမ်းခြွေလှည်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

"စပါးပင်တွေကို တချို့ဆိုရင် စက်တွေနဲ့ရိတ်တဲ့သူတွေရိတ်တယ်။ လက်နဲ့ရိတ်တဲ့သူတွေလည်း ရှိတယ်။ ဒီလိုငြိမ်နေတဲ့ အချိန်မှာ စပါးတွေသိမ်းပြီးလိုက်ဖို့ကို မြန်မြန်လေးလုပ်နေကြရတယ်ပေါ့။ ကျနော်တို့ဖက်မှာငြိမ်နေပေမယ့် ရေဦးဘက်မှာတော့ ရွာတွေမီးရှို့ခံနေရတယ်လို့ သိရတယ်"လို့ ဆိုပါတယ်။

အခုနှစ် နိုဝင်ဘာလကုန်အထိ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီမီးရှို့ခဲ့တဲ့ကျေးရွာ ပေါင်း ၅၈ ရွာရှိပြီး အဲဒီက အိမ်ခြေစုစုပေါင်း ၂၇၀၀ ကျော်အထိ ပြာကျပျက်စီးသွားခဲ့ရပြီလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ စာရင်းအရသိပါတယ်။


#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10