ခင်ဦးနယ်က တိုက်ပွဲမှာ PDF ၅ ဦးသေဆုံးပြီး ဒေသခံ ၅ ဦး ဖမ်းခံထားရ

ခင်ဦးနယ်က တိုက်ပွဲမှာ PDF ၅ ဦးသေဆုံးပြီး ဒေသခံ ၅ ဦး ဖမ်းခံထားရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာအနီးမှာ ဧပြီလ ၁၉ ရက် ဒီမနက် ၈ နာရီလောက်က စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၅ ဦးသေဆုံးကာ ဒေသခံ ၅ ဦးလည်း ဖမ်းဆီးခံ လိုက်ရတယ်လို့ သိရပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး၊ ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ရဲဘော်ဖိုးကျော်၊ ရဲဘော်ကိုနောင် နဲ့ ရဲဘော်ကျော်နိုင်တို့ သေဆုံးခဲ့တာလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံကပြောပါတယ်။


“မြကန်သာရွာအနီးမှာ တိုက်ပွဲအပြန်အလှန်ဖြစ်တယ်။ ဖြစ်ပြီးတော့ မိုင်းခွဲတယ်။ ပြန်ဆုတ်တဲ့ အချိန်မှာအရှင်ဖမ်းမိသွားတာ။ ရဲဘော်ငါးယောက်ကို ရက်ရက်စက်စက်ကို သတ်ဖြတ်သွားတာ။ အလောင်းတွေကိုတော့ ရွာနားမှာ တွေ့ခဲ့ရတယ်။ အကုန်လုံးက ထုပြီးနှိပ်စက်ခံထားရတာ၊ အရှင်မိတယ်လို့ ယူဆရတယ်။ ဖမ်းခံရတဲ့ငါးယောက်ကိုတော့ စစ်ကြောင်းကိုခေါ်သွားတယ်” လို့ ပြောပါတယ်။

သူတို့ရဲ့ ရုပ်အလောင်းတွေကို မြကန်ရွာ စာသင်ကျောင်းအနီးမှာ နေ့လည် ၁၁ နာရီလောက်မှာတွေ့ခဲ့ပြီး ရဲဘော်တွေရဲ့ ခန္ခာကိုယ်မှာလည်း ရိုက်နှပ်ခံထားရတဲ့ ဒဏ်ရာတွေအပြင် တချို့ရဲဘော်တွေဆိုရင် မျက်လုံးဖောက်ထားခံထားရတာတွေလည်းရှိကာ ရုပ်အလောင်းတွေကိုတော့ တွေ့ပြီးချင်းမှာပဲ မီးသင်္ဂြုလ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

သေဆုံးရဲဘော်တွေထဲမှာ မြင်းဒေါင်းကျေးရွာကာကွယ်ရေးအဖွဲ့ (Doh Nyi Naung) က ၄ ဦးနဲ့ မြကန်ကျေးရွာကာကွယ်ရေးအဖွဲ့က ၁ ဦးပါဝင်ပြီး၊ ၃ ဦးက တိုက်ပွဲအတွင်း လက်နက်ကျည်ထိမှန် သေဆုံးခဲ့ကာ ၂ ဦးကတော့ အရှင်ဖမ်းမိပြီးမှ အသတ်ခံရတာလို့ ခင်ဦးမြို့ပြ ပြောက်ကျားတာဝန်ခံက ပြောပါတယ်။

သေဆုံး PDF ရဲဘော်တွေရဲ့အမည်နဲ့ သေဆုံးခဲ့ချိန်တွေ၊ ဖမ်းဆီးခံပြည်သူတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံသတင်းဌာနက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်တပ်သားတွေက စစ်ကြောင်း ၄ ခုခွဲပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် ခုလို သေဆုံးခဲ့ရတာလို့လည်း ခင်ဦးမြို့ပြ ပြောက်ကျားတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းရှိ ကျွန်းလည်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေပြီး ပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲကို ဧပြီလ ၁၈ ရက်ကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် အင်းပတ်၊ မြကန်၊ ကုန်သာ၊ မရမ်းအင်း၊ ချမ်းသားကုန်း စတဲ့ကျေးရွာတွေအပါအဝင် ရွာပေါင်း ၁၆ ရွာက ဒေသခံ ၂ သောင်းကျော် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10