ခင်ဦးနယ်က ဒေသခံ ၄ ဦးကို စစ်တပ်ကသတ်ပြီး PDF တွေလို့ သတင်းလွှင့်

ခင်ဦးနယ်က ဒေသခံ ၄ ဦးကို စစ်တပ်ကသတ်ပြီး PDF တွေလို့ သတင်းလွှင့်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေကာကျေးရွာက ဒေသခံအမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် PDF ဆိုပြီး သတင်းလွှင့်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဇူလိုင်လ ၃၁ ရက်ဒီနေ့မှာ စစ်ကောင်စီတပ်တွေက ခင်ဦးမြို့နယ်၊ မဒေါင်းလှ (ပျူစောထီး)ရွာက ထွက်လာပြီး မဒေါင်းကြီးရွာနဲ့ ရွှေကာရွာတို့ကို ပစ်ခတ်ဝင်ရောက်ခဲ့ရာမှာ ရွှေကာရွာသား မောင်ချစ်၊ မောင်ခိုင်၊ မောင်ချစ်မိုး နဲ့ မောင်ဖိုးထောင် တို့ကို ဖမ်းဆီးသွားပြီးသတ်ခဲ့တာလို့ သိရပါတယ်။

"ဒေသခံတွေပါဗျာ။ ရွာကင်းနားမှာကပ်နေတဲ့ အိမ်တွေကဒေသခံတွေပါ။ ကျနော်တို့ကြားတာက ဖမ်းသွားတယ်ပဲ ကြားသေးတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ဖမ်းဆီးအမျိုးသား ၄ ဦးသေဆုံးကြောင်းကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာ သတင်းတက်လာမှ ဒေသခံတွေအနေနဲ့ သိခဲ့ရတာလို့လည်း ဆိုပါတယ်။ 

အဲ့ဒီတယ်လီဂရန်ချန်နယ်မှာတော့ PDF စခန်းကို စီးနင်းမိပြီး တပ်ဖွဲ့ဝင် ၄ ဦးကို အသေမိတယ်လို့ ဖော်ပြထားပါတယ်။ 

အသတ်ခံရသူ ၄ ဦးစလုံးဟာ ရွှေကာကျေးရွာဒေသခံတွေ ဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့လည်း ခင်ဦးမြို့နယ်ရှိ ပကဖ အဖွဲ့  ၂ ဖွဲ့က ငြင်းဆိုထားပါတယ်။

စစ်အုပ်စုက ရွာကိုပစ်ခတ်ဝင်ရောက်စဥ်မှာလည်း ကျေးရွာကင်းစခန်းတခုနဲ့ အနီးရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မနက် ၉ နာရီလောက်မှာ အင်တိုင်းကြီးကျေးရွာကို ဆက်လက် စစ်ကြောင်းထိုးသွားပြီး အဲ့ဒီရွာက နေအိမ်တွေကိုလည်း မီးရှို့ခဲ့ကာ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုတော့ အသေးစိတ် မသိရှိရသေးပါဘူး။ 

ဒီစစ်ကြောင်းဟာ ရွှေဘိုမြို့ အမှတ် ၈ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကနေ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကတည်းက ထွက်လာတာဖြစ်ပြီး ဒီအတောအတွင်း ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်က ဒေသခံတွေကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးတာတွေလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #ခင်ဦး #ရွှေကာ #စစ်ကောင်စီ #ဒေသခံဖမ်းဆီး #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10