ခင်ဦးနယ်ကို စစ်တပ်ကဆက်တိုက်စစ်ကြောင်းထိုး အင်အားမမျှလို့ ကာကွယ်ရေးတပ်တွေ ဆုတ်ပေးထားရ

ခင်ဦးနယ်ကို စစ်တပ်ကဆက်တိုက်စစ်ကြောင်းထိုး အင်အားမမျှလို့ ကာကွယ်ရေးတပ်တွေ ဆုတ်ပေးထားရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်တပ်က၂ ပတ်​ကျော်ကြာသည်အထိ စစ်ကြောင်းထိုးနေပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်အင်အား၊ လူအင်အားမမျှလို့ နောက်ဆုတ်ပေးနေရတဲ့အခြေအနေဖြစ်နေတယ်လို့ Golden Brother (ခင်ဦးမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့) တာဝန်ခံက ပြောပါတယ်။

 

စစ်ကောင်စီတပ်က အင်အား ၁၅၀ ကျော်နဲ့ ပြီးခဲ့တဲ့ ဇွန်လတတိယပတ်ကနေစပြီး ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးနေခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

 "သူတို့ကစစ်မြှူနေတဲ့ သဘောပေါ့ဗျာ။ ကင်းထောက်ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ ကင်းပုန်းချပြီး ဆက်တိုက်စစ်ကြောင်းထိုးနေတယ်။ ပိုပြီးတော့လည်း တိကျလာတယ်။ ဗုံးတွေချရင် ရွာထဲကို တည့်တည့်ပစ်ချနိုင်သလို PDF စခန်းတွေကိုလည်း ကင်းထောက်နိုင်လာတယ်" လို့လည်း သူကဆက်ပြောပါတယ်။

 

စစ်တပ်အင်အားနဲ့ လက်နက်အင်အား များပြားလွန်းတာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေ ဆုတ်ပေးထားရပေမယ့် ဒရုန်းနဲ့ဗုံးကြဲတာနဲ့ မိုင်းဆွဲတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 

ခင်ဦးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြရစဉ်။ (ပုံဟောင်း)

 

"ရှိတဲ့အင်အားနဲ့ တောင့်ခံထားရတဲ့ သဘောပေါ့" လို့ Golden Brothers အဖွဲ့တာဝန်ခံက ဆိုပါတယ်။

 

ခင်ဦးမြို့နယ်ကို ဝင်ရောက်နေတဲ့စစ်ကြောင်းဟာ ရေဦးမြို့နယ်၊ တိုင်းရင်းဆေးရုံထဲက ထွက်လာပြီး ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ကနေတဆင့်  ဒီနေ့မှာ ခင်ဦးမြို့နယ်အရှေ့ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။

 

အဲဒီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ၂၈ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမယ့် ကင်းပုန်းဝပ်နေတဲ့ စစ်တပ်နဲ့တွေ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ဖမ်းဆီးခံထားရကာ လေးဦးကတော့ မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

 

စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ခင်ဦးမြို့နယ်အရှေ့ပိုင်းက ညောင်ကန်၊ ယောက်သွားအိုင်၊ အလယ်လျှို၊ မြေနီလျှို၊ ကုလားလူးကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာခန့်က ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီရေးပြုလုပ်ပေးနေတဲ့ ဒေသခံအမျိုးသမီးတဦးဆီက သိရပါတယ်။

 

ခင်ဦးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြရစဉ်။ (ပုံဟောင်း)

 

 

"မနက်လေးနာရီလောက်ဆို ကျေးရွာတွေထဲဝင်တာ။ နေ့ခင်းမဝင်ဘူး။ အဲ့ဒါကြောင့် ရွာတွေကကြိုပြီးတိမ်းရှောင်မှ အန္တရာယ်ကင်းတယ်" လို့ အဲ့ဒီအမျိုးသမီးက ဆိုပါတယ်။

 

အဲဒါအပြင် စစ်ကြောင်းထိုးနေတဲ့ လမ်းဘေးတလျှောက်က ကျေးရွာတွေကိုပါ ဆက်တိုက်မီးရှို့နေတယ်လို့ ဆိုပါတယ်။ မီးလောင်စာရင်းကတော့ အတိအကျ မသိရသေးဘူးလို့လည်း ဆက်ပြောပါတယ်။

 

ခင်ဦးမြို့နယ်ကို စစ်တပ်ကမကြာခဏစစ်ကြောင်းထိုးနေပြီး ဒေသခံကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေသလို ပြီးခဲ့တဲ့ ဧပြီလကလည်း မြကန်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရဲဘော် ၅ ဦးကျဆုံးခဲ့ပြီး ဒေသခံ ၅ ဦးလည်း ဖမ်းဆီးခံခဲ့ရပါသေးတယ်။

 

ပုံစာ - ခင်ဦးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြရစဉ်။ (ပုံဟောင်း)

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦး #စစ်ရှောင် #ကာကွယ်ရေးတပ်ဖွဲ့ #ဒေသခံ #စစ်ကောင်စီ #စစ်ကြောင်းထိုး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10