ခင်ဦးနယ်၊ ရွာသန်းရွာအချုပ်ထောင်စီးနင်းခံရလို့ ပျူစောထီး ၂၀ ဦးခန့်ပြန်လွတ်

ခင်ဦးနယ်၊ ရွာသန်းရွာအချုပ်ထောင်စီးနင်းခံရလို့ ပျူစောထီး ၂၀ ဦးခန့်ပြန်လွတ်

ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာက တိုက်နယ်(၁)အချုပ်ထောင်ကို စစ်ကောင်စီတပ်ကဝင်စီးပြီး ဖမ်းဆီးထားတဲ့ ဖိုကုန်းကျေးရွာက ပျူစောထီးတွေ လွတ်မြောက်သွားကြတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

သြဂုတ် ၉ ရက် မနေ့ မနက် ၅ နာရီမှာ စစ်တပ်က အင်အား ၈၀ လောက်နဲ့ အချုပ်ထောင်ကိုဝင်စီးပြီး ပျူစောထီး ၂၀ လောက်ကို ခေါ်ထုတ်သွားတာဖြစ်ပါတယ်။ 

ရွာသန်းကျေးရွာဟာ ဖိုကုန်းကျေးရွာနဲ့ ၃ မိုင်ခန့်ကွာဝေးပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရှိတဲ့ကျေးရွာဖြစ်သလို ကျေးရွာအတွင်း အချုပ်ထောင်နဲ့ကင်းစခန်းလည်းရှိတယ်လို့ ဆိုပါတယ်။ 

အလားတူ ဖိုကုန်းကျေးရွာဟာလည်း စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာဖြစ်ပြီး မနေ့က ရွှေဘိုမြို့လေ့ကျင့်ရေး(၈) စစ်တပ်နဲ့ ဖိုကုန်းကျေးရွာမှာ တပ်စွဲထားတဲ့စစ်တပ်တို့ ပူးပေါင်းပြီး ရွာသန်းရွာကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

"သြဂုတ်လ ၈ ရက်နေ့ညပိုင်းက အပျောက်ဖျောက်ပြီး အချုပ်ထောင်ကို ဝိုင်းထားတယ်။ ဘယ်သူမှ မသိလိုက်ဘူး။ ၉ရက်နေ့ မနက်၅နာရီလောက်မှာ ပစ်ခတ်ပြီးထောင်ကိုဝင်စီးလိုက်တာ" လို့ Khin Oo Special force Organization (KSO)အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင်ကပြောပါတယ်။

ဖိုကုန်းရွာသားတွေဟာ ရွာသန်းရွာနဲ့ ဖိုကုန်းရွာကြားက လယ်ယာမြေတွေမှာ စိုက်ပျိုးရေးလုပ်တဲ့အခါ စစ်တပ် အစောင့်အရှောက်နဲ့ လုပ်လေ့ရှိပြီး အခုဖမ်းဆီးခံထားရသူတွေဟာ ရွာသန်းရွာကျေးရွာအနီးဝန်းကျင်မှာတွေ့လို့ ဖမ်းဆီးထားတဲ့ ဖိုကုန်းရွာသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ရွာသန်းရွာကို ဝင်စီးတဲ့အချိန်မှာ ခင်ဦးမြို့နယ်မှာ အားကောင်းတဲ့ KSO ကာကွယ်ရေးတပ်ဖွဲ့ရှိနိုင်တယ်လို့ထင်ရတဲ့ အင်းပတ်ရွာကိုလည်း စစ်တပ်က တပြိုင်တည်းဝင်ရောက်စီးနင်းဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ 

ဒါပေမဲ့ အင်းပတ်ကျေးရွာကို ဝင်ရောက်စဉ်မှာ တိုက်မိုင်းပေါက်ကွဲပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက လက်ဦးမှုယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရကာ စစ်ကောင်စီတပ်တွေ ပြန်ဆုတ်ပြေးသွားကြတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာနဲ့ ရေဦးမြို့ဟာ ၂ မိုင်ခန့်သာဝေးတာကြောင့် ရေဦးမြို့ပေါ်ရှိ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ကလက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာကြောင့် လက်နက်ကြီး ၃ လုံး မရမ်းအင်းကျေးရွာ ထဲကျခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးအပါအဝင်ဒေသခံ ပြည်သူ ၄ ဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ခင်ဦးမြို့နယ်က ရွာသန်း၊ ရေအေးကုန်း၊ ကျီးကန်၊ လက်ပံလှ၊ အင်းပတ်၊ မရမ်းအင်းကျေးရွာတွေအပါအဝင် ဒေသခံ ၈,၀၀၀ ကျော် ရှောင်တိမ်းနေရတယ်လို့သိရပါတယ်။

ဒီနေ့မနက်မှာတော့ ခင်ဦးမြို့နယ်မှာ နယ်မြေအခြေအနေ ပြန်လည်တည်ငြိမ်နေတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ခင်ဦးမြို့နယ် #ရွာသန်းကျေးရွာ #ဖိုကုန်းကျေးရွာ #အင်းပတ်ကျေးရွာ #စစ်ကောင်စီ #ရေဦး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10