ခင်ဦးနဲ့ ရွှေဘိုနယ်အစပ်ကို စစ်ကြောင်းထပ်ထိုး၊ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ

ခင်ဦးနဲ့ ရွှေဘိုနယ်အစပ်ကို စစ်ကြောင်းထပ်ထိုး၊ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အင်အား ၁၀၀ကျော်နဲ့ စစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်အစပ်ရှိ ကျေးရွာတွေကို ရောက်ရှိစစ်ကြောင်းထိုးနေလို့ ကျေးရွာ ၄ ရွာထက်မနည်းက လူဦးရေသောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၈)ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၁၄ ရက် မနေ့ညနေ ၆ နာရီလောက်မှာ ရွှေဘိုနယ်၊ စည်သာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဆင်တုံ၊ ညောင်ပင်သာ၊ ကံသာကုန်းနဲ့ မြင်းစီးရွာတွေကိုဖြတ်ပြီး စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

"ရွာထဲကိုလက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ဝင်တော့ ပြေးရတာပေါ့။ ညအိပ်မယ်ထင်တယ်။ ရွာကသူဌေးရွာဆိုတော့ စားစရာ၊သောက်စရာ ပေါတယ် " လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ စစ်အင်အား ၁၀၀ ကျော်ရှိပြီး လက်ရှိမှာတော့ ခင်ဦးမြို့နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြတဲ့ တယ်ဘိုပင်ရွာကို ရောက်ရှိနေကာ ဒေသခံတွေဖမ်းဆီးခံရတာရှိ၊မရှိ အသေးစိတ်အခြေအနေတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးလာတာကြောင့် အထက်ပါကျေးရွာတွေအကုန်လုံးက ဒေသခံတွေဟာ စစ်ကြောင်းနဲ့လွတ်ရာကို ရှောင်တိမ်းနေကြရပြီး စစ်ရှောင်ဒေသခံတသောင်းဝန်းကျင် ရှောင်တိမ်းနေရတာလို့ သိရပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်တပ်က ကျေးရွာလေးရွာနဲ့ အဓိကလမ်းမကြီးနှစ်ခုကို အထိုင်ချတပ်ဆွဲထားပြီး ဘေးနားကရွာတွေကို မကြာခဏဝင်မွှေတာမို့ ကျေးရွာထဲကိုပြန်မဝင်ရဘဲ ရှောင်တိမ်းနေရတဲ့ ဒေသခံတွေလည်း အများအပြားရှိနေပါတယ်။

ပုံစာ - ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းကို စစ်တပ်က စစ်ကြောင်းထိုးသည့်အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများ။ (ပုံဟောင်း)

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ခင်ဦး #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #ဒေသခံ #ထွက်ပြေးတိမ်းရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10