ခင်ဦးမြို့ကို စစ်တပ်ဝင်မွှေ

ခင်ဦးမြို့ကို စစ်တပ်ဝင်မွှေ

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ကလေးမိခင်ပါ ဖမ်းဆီးခံခဲ့ရတဲ့ ခင်ဦးမြို၊ မြကန်သာရပ်ကွက်ကို စစ်တပ်က ယနေ့ နေ့လယ်မှာ ဝင်ရောက်ရှာဖွေနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သြဂုတ် ၁၉ ရက်  ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ ကန့်ဘလူမြို့ကထွက်လာတဲ့ စစ်ကြောင်းနဲ့ ခင်ဦးမြို့နယ် မဒေါင်းလှကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကြောင်းတို့ ပူးပေါင်းပြီး ခင်ဦးမြို့ပေါ်ကိုရောက်လာကာ မြကန်သာရပ်ကွက်က နေအိမ်တွေကို တအိမ်တက်တအိမ်ဆင်း ဝင်ရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"သတင်းရထားတာတော့ မြို့ပေါ်က UG တွေကို တမြို့လုံး တအိမ်တက်၊ တအိမ်ဆင်းရှာမယ်လို့ သတင်းရထားတယ်။"လို့ Khin Oo Specialforce Organization (KSO) တာဝန်ခံဗိုလ်လင်းရောင်က ပြောပါတယ်။

ခင်ဦးမြို့ မြကန်သာရပ်ကွက်ကို သြဂုတ် ၁၇ ရက် ည ၁၁ နာရီကျော်မှာ ခင်ဦးရဲစခန်းမှာတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ အသက် ၅၀ အရွယ် ဦးဖိုးပိန်နဲ့  ၃ နှစ်အရွယ် မောင်ကိုကိုထက်တို့ သေဆုံးခဲ့ပြီး မောင်ကိုကိုထက်ရဲ့ မိခင်နဲ့ အမွှာညီဖြစ်သူလည်း အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။ 

ဖမ်းခံလိုက်ရတဲ့ အသက် ၃ နှစ်အရွယ် မောင်ညီညီထက်ကို မနေ့ညနေက ခင်ဦးရဲစခန်းမှာ ပြန်လာခေါ် ခိုင်းခဲ့ပြီး လွှတ်ပေးခဲ့ပေမယ့် မိခင်ဖြစ်သူဒေါ်သီတာဦးကိုတော့ တရားစွဲဆိုသွားမယ်လို့ သိရပြီး ပုဒ်မတွေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ မြို့ခံတဦးကပြောပါတယ်။

ဒါ့အပြင် အသက် ၃၂ နှစ်အရွယ် ကိုချမ်း၊ အသက် ၂၀ အရွယ် မောင်ဒိုးဒိုး၊ ၁၄ နှစ်အရွယ် မောင်ဖိုးဝိုင်းတို့လည်း သေနတ်ဒဏ်ရာတွေ ရရှိကာ လွတ်မြောက်သွားပေမယ့် အသက် ၂၀ အရွယ် အမျိုးသားတဦးကတော့ ဖမ်းခံလိုက်ရပြီး စစ်ကောင်စီက သတ်ပစ်လိုက်ကြတယ်လို့  သိရပါတယ်။

ဖမ်းဆီးခံရကာ သတ်ခံလိုက်ရတဲ့ အသက် ၂၀အရွယ် အမျိုးသားရဲ့ အလောင်းကို မီးသင်္ဂြိုဟ်နေစဥ်

 

ခင်ဦးမြို့မှာ စစ်ကောင်စီတပ်တွေက ခင်ဦးရဲစခန်းနဲ့ ဆေးရုံတို့မှာ တပ်စွဲထားပြီး အင်အား၁၅၀ ဝန်းကျင်ရှိ တယ်လို့သိရပါတယ်။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦးမြို့ #မြကန်သာရပ်ကွက် #စစ်တပ် #ကလေး #ဝင်မွှေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10