ခင်ဦးမြို့နယ်က ရွာ ၆ ရွာကို စစ်တပ်ဝင်ရောက်ပြီး အင်တိုင်းကြီးရွာကို မီးရှို့၊ ဒေသခံတွေ ထွက်ပြေးနေရ

ခင်ဦးမြို့နယ်က ရွာ ၆ ရွာကို စစ်တပ်ဝင်ရောက်ပြီး အင်တိုင်းကြီးရွာကို မီးရှို့၊ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေပြီး ဒီနေ့မနက်မှာ ဓားစာခံ ၄ ဦးကို ဖမ်းဆီးထားကာ အင်တိုင်းကြီးကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခင်ဦးမြို့နယ်၊ မဒေါင်းလှပျူစောထီးကျေးရွာကနေ ဒီနေ့ မနက် ၆ နာရီမှာ အင်အား ၂၀၀ခန့်ရှိတဲ့ စစ်ကောင်စီတပ်က ရှင်မင်းဒွေ၊ သရက်ကုန်း၊ အင်တိုင်းကြီး၊ ငါးရုံကြီး၊ တဲစု၊ ရွှေကာစတဲ့ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မွှေနှောက်ခဲ့တယ်လို့သိရပါတယ်။

စစ်ကြောင်းနဲ့တွေ့ပြီး ရွှေကာရွာမှ မောင်ချစ်၊ မောင်ခိုင်၊ မောင်ချစ်မိုး၊ မောင်ဖိုးထောင် စတဲ့ဒေသခံ ၄ ဦး ဖမ်းဆီးခံလိုက်ရပြီး အခုစစ်ကြောင်းနောက်ကို ခေါ်သွားတယ်လို့သိရပါတယ်။

"၆၀ မမ လက်နက်ကြီးတွေနဲ့ပါ ရမ်းပစ်နေတာ။ ဒေသခံ ၆ ရွာ လောက် အခုပြေးနေရတယ်။ ဒီနေ့မနက် ၉ နာရီကျော်လောက်က အင်တိုင်းကြီးရွာကို မီးရှို့နေတာ။ မီးခိုးတွေမဲနေတာကို မြင်နေရတယ်" လို့ Golden Brother PDF အဖွဲ့က တာဝန်ခံကပြောပါတယ်။

ယခုမွှေနှောက်နေတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ဇူလိုင် ၁၄ ရက်က ရွှေဘိုမြို့၊ လေ့ကျင့်ရေး(၈)က ထွက်လာပြီး ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်အရှေ့ခြမ်းကျေးရွာတွေက ဒေသခံပြည်သူအများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ရေဦးမြို့နယ်ကို ဆက်လက်စစ်ကြောင်းထိုးခဲ့ပါသေးတယ်။ 

အဲ့ဒီနောက် ခင်ဦးမြို့နယ်အနောက်ခြမ်း၊ မဒေါင်းလှကျေးရွာအနီးက နွားနဲ့ ဆိတ်တွေကို ချက်ပြုတ် စားသောက်ပြီး မဒေါင်းလှရွာမှာ ညအိပ်နားကာ ဒီနေ့မနက်မှာ ခင်ဦးမြို့နယ်၊ အနောက်မြောက်ခြမ်းက ကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ 

ခင်ဦးမြို့နယ်ဟာ စစ်ကောင်စီတပ်ရဲ့ မကြာခဏ စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးခံနေရပြီး ၂၀၂၃ ဖေဖော်ဝါရီကနေ ဇွန်လအထိ ၆ လအတွင်းမှာ အိမ်ခြေ ၂,၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရကာ တနိုင်ငံလုံးမှာ မီးရှို့ဖျက်ဆီးခံထားရမှု အများဆုံးမြို့နယ်ဖြစ်တယ်လို့ ISP မြန်မာက ဖော်ပြထားပါတယ်။

ပုံစာ - ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ခင်ဦးနယ်ကို စစ်တပ် စစ်ကြောင်းထိုးစဉ် တိမ်းရှောင်နေရသည့် ဒေသခံများ။ (ပုံဟောင်း)​

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ် #အင်တိုင်းကြီးရွာ #မီးရှို့ #စစ်ဘေးရှောင် #စခတ၈ #ဓားစာခံ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10