ခင်ဦးမြို့နယ်မှာ စစ်တပ်က ပြည်သူ ၄ ဦးသတ်ပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့

ခင်ဦးမြို့နယ်မှာ စစ်တပ်က ပြည်သူ ၄ ဦးသတ်ပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက် မနေ့က စစ်တပ် စစ်ကြောင်းထိုးခဲ့ပြီး အိမ်ခြေ ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို စုစုပေါင်းပြည်သူ ၄ ဦးကို သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီက နေသိရပါတယ်။

ခင်ဦးမြို့နယ်၊ ကလုံရွာကို မနေ့က မနက်ပိုင်းမှာ စစ်တပ်ကဝင်ရောက်ကာ ကလုံရွာမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေထဲက အသက် ၃၀ ကျော်အရွယ် အမျိုးသားတွေဖြစ်တဲ့ သရက်ကုန်းရွာသား ဦးသိန်းထွန်းကို စစ်တပ်က လည်လှီးသတ်ခဲ့ပြီး ကင်းပစ်ရွာသား ဦးသန်းလွင်နဲ့ ကလုံရွာသား ဦးရဲအောင်တို့ကို   သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ကလုံရွာက နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် သာဝတ္ထိကျေးရွာကို ဆက်ဝင်ကာအိမ်ခြေ ၁၄၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

"ရွာအဝင်မှာ မိုင်းဆွဲခံရတယ်။ အဲ့ဒါကြောင့် မီးရှို့တဲ့သဘောပဲ။ အဲ့ဒီရွာမှာ အမည်မသိ အလောင်းတလောင်း တွေ့တယ်။ အမျိုးသား၊ အမျိုးသမီးမကွဲဘူး။ ပျောက်နေတဲ့သူလည်း မရှိဘူး" လို့ Khin Oo Support Organization(KSO) အဖွဲ့ခေါင်းဆောင်ဗိုလ်လင်းရောင်က ပြောပါတယ်။

ဒါ့အပြင် ကလုံကျေးရွာအနီးက မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) စခန်းကိုလည်း ဝင်ရောက်စီးနင်းကာ မီးရှို့သွားခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ရေဦးမြို့ကနေ ခင်ဦးမြို့နယ် ပျဥ်ထောင်ပျူစောထီးကျေးရွာကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းဖြစ်ပြီး စစ်အင်အား ၈၀ ခန့်ပါတယ်လို့ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းမှာပဲ ရေဦးမြို့ထဲ ပြန်ဝင်သွားပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၂ ရက်ကလည်း ခင်ဦးမြို့နယ်မှာ ကိုယ်ဝန် ၅ လနဲ့ အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံ ၄ ဦးကို စစ်တပ်သတ်ဖြတ်ခဲ့ပါသေးတယ်။

ပုံစာ - စစ်တပ်စစ်ကြောင်းထိုးသဖြင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ် #စစ်တပ် #စစ်ကြောင်း #အိမ်ခြေ #မီးရှို့ #ပြည်သူ #ဒေသခံ #ကာကွယ်ရေးတပ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10