ခင်ဦးမြို့ပေါ်က ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ခင်ဦးမြို့ပေါ်က ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်က ပျူစောထီးခေါင်းဆောင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို အောက်တိုဘာ ၂၆ ရက် ဒီနေ့ နေ့လယ် ၂ နာရီကျော်မှာ ဒေသကာကွယ်ရေးပျောက်ကြား တပ်ဖွဲ့ တခုက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးမြို့ပေါ်က အောင်မင်္ဂလာရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး အသက်၄၀ ကျော်အရွယ် ဦးရာကျော်(ခေါ်)ဂျိုကြီးကို ဆိုင်ကယ်နဲ့ ရဲစခန်းကိုသွားတဲ့အချိန် မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးကြားမှာ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

"၁၃ ချက်ပစ်ခတ်လိုက်တာ။ အပစ်ခံရပြီး ထွေအုပ်ရုံးနားကို မောင်းသွားတယ်။ ရုံးနားမှာ လဲကျသေသွားတယ်" လို့ ပစ်ခတ်ခဲ့သူ ဒေသကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့မှ ရဲဘော်တဦးက ပြောပါတယ်။

ဦးရာကျော်ဟာ စစ်အာဏာသိမ်းပြီးချိန်ကတည်းကစလို့ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်၊ ရဲတပ်သားတွေနဲ့ပေါင်းပြီး လိုက်ဖမ်းခဲ့သူဖြစ်သလို ခင်ဦးမြို့နယ်ရဲ့ ပျူစောထီးအဖွဲ့ခေါင်းဆောင်တဦးလည်းဖြစ်ကာ ပစ္စတိုသေနတ် ကိုင်ဆောင်ထားသူဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဦးရာကျော်ကို ပစ်ခတ်ရှင်းလင်းတဲ့ PDF အဖွဲ့အမည်ကိုတော့ လုံခြုံရေးအရဖော်ပြလို့ မရပါဘူးလို့ သူက ဆိုပါတယ်။

ဦးရာကျော်ရဲ့အလောင်းကို စစ်သားနဲ့ ရဲတွေက ကောက်ပြီး ဦးရာကျော်ရဲ့ အမေဖြစ်သူ နေအိမ်ကိုပို့ဆောင်ခဲ့ပါတယ်။ သူ့အလောင်းကိုတော့ အောက်တိုဘာ ၂၇ ရက် မနက်ဖြန် သင်္ဂြိုဟ်မှာလို့ သိရပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှာ အခုလိုပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်နဲ့ ရဲတပ်သားတွေက ရပ်ကွင်အတွင်း လမ်းမပေါ်မှာ စစ်ဆေးတာ၊ နေအိမ်တွေအထိ ဝင်ရောက်စစ်ဆေးတာတွေ လုပ်နေတာကြောင့် ရပ်ကွက်မှာရှိတဲ့ အသက်၂၀ နဲ့ ၄၀ ကြားရှိ အမျိုးသားတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦးမြို့ #ပျူစောထီး #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ရှင်းလင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10