ခင်ဦးမြို့ပေါ် တပ်စွဲနေတဲ့နေရာတွေနဲ့ မဒေါင်းလှရွာအထိုင်စခန်းကို ဒရုန်းဗုံးချတိုက်ခိုက်မှု စစ်သား ၃ ဦးသေ၊ ၄ ဦးဒဏ်ရာရ

ခင်ဦးမြို့ပေါ် တပ်စွဲနေတဲ့နေရာတွေနဲ့ မဒေါင်းလှရွာအထိုင်စခန်းကို ဒရုန်းဗုံးချတိုက်ခိုက်မှု စစ်သား ၃ ဦးသေ၊ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မဒေါင်းလှရွာက စစ်ကောင်စီအထိုင်စခန်း၊ စစ်ကောင်စီတပ်စွဲထားတဲ့ ခင်ဦးမြို့ဆေးရုံနဲ့ မင်းသိုက်လက်ဖက်ရည်ဆိုင်တို့ကို ဇန်နဝါရီ ၁၈ ရက် နဲ့ ၁၉ ရက်မှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်က ခင်ဦးမြို့ကနေမဒေါင်းလှရွာကို အင်အားလာဖြည့်တဲ့စစ်ကြောင်းက စခန်းအထိုင်ချနေစဉ် နေ့လယ် ၁၂ နာရီခန့်မှာ ဒရုန်းနဲ့ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့ပြီး၊ ဇန်နဝါရီ ၁၉ ရက်မှာ စစ်ကောင်စီတပ်သား ၆၀ ကျော် တပ်စွဲအခြေပြုနေတဲ့ ခင်ဦးမြို့ပြည်သူ့ဆေးရုံကို ဗုံး ၂ လုံး၊ စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ၃၀ ကျော် တပ်စွဲနေတဲ့ မင်းသိုက်လက်ဘက်ရည်ဆိုင်ကို  ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ ခင်ဦးဆေးရုံ မုခ်ပေါက်ဘန်ကာမှာချတုန်းက သူတို့ထောင်ထားတဲ့ မိုင်းတွေအပေါ်ကို ဗုံးသီးတည့်တည့်ကျပြီး ဗုံးသီးကွဲတဲ့အသံအပြင် နောက်ထပ်မိုင်း ၃ လုံးပါဆက်ပြီးကွဲတဲ့အသံကြားတယ်” လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ Eagle Guerrilla Force တပ်ရင်းမှူးဗိုလ်ကောက်ရိုးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံမုခ်ဦးဘန်ကာအတွင်းရှိ စစ်ကောင်စီတပ်သား ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တာကို တပ်တွင်းသတင်းပေးတွေထံက သိရှိရတယ်လို့ ဆိုပါတယ်။

“ သေဆုံးတဲ့အလောင်းတွေကို ကောင်းကောင်းမွန်မွန်နဲ့ သင်္ဂြိုဟ်မယ့်ပုံမပေါ်ဘူး။ တောရွာပုံစံမျိုး ဝါးခြမ်းပြားလေးတွေနဲ့ အခေါင်းလုပ်ပြီးချမယ့် အနေအထားမျိုးရှိတယ်။ ဆေးရုံထဲမှာပဲ ချဖို့များတယ်လို့တော့ ဖရဲသီးပြောပြချက်အရ သိရတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာမှာ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Force၊ ကျောက်ဆည်နဂါးနီ ရင်း ၁ ၊ Lighting Drone Force ၊ ခင်ဦးမြို့နယ် ပကဖ Future Hero၊ ခင်ဦးတိုက်နယ် ၃ ပကဖနဲ့ ဒီပဲယင်းမြို့နယ်ပကဖ Flying Drone Force(FDF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပုံစာ - ဒဏ်ရာရ စစ်ကောင်စီ တပ်သားများနှင့် ဒရုန်းစစ်ဆင်ရေးပြုလုပ်ခဲ့သည့် PDF ရဲဘော်များ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ခင်ဦး #စစ်ကောင်စီတပ် #ပျူစောထီး #ဒရုန်းဗုံးချ #တိုက်ခိုက် #သေဆုံးမှု #ဒဏ်ရာရ #ရွှေဘိုခရိုင် 

#PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10