ခင်ဦးမှာ စစ်တပ်က စီးနင်းပစ်ခတ်လို့ ၃ နှစ်အရွယ်ကလေးငယ်အပါ ၂ ဦးသေဆုံး

ခင်ဦးမှာ စစ်တပ်က စီးနင်းပစ်ခတ်လို့ ၃ နှစ်အရွယ်ကလေးငယ်အပါ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ မြကန်သာရပ်ကွက်ကို စစ်ကောင်စီတပ်သားတွေက စီးနင်း ဝင်ရောက်ခဲ့တဲ့အတွက် အသက် ၃ နှစ်အရွယ် ကလေးတဦးအပါအဝင် ၂ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

သြဂုတ်လ ၁၇ ရက်မနေ့ည ၁၁ နာရီကျော်လောက်မှာ ရပ်ကွက်အတွင်း စီးနင်းဝင်ရောက်ကာ လက်နက်တွေနဲ့လည်း တရစက်ပစ်ခတ်တာကြောင့် အသက် ၅၀ အရွယ် ဦးဖိုးပိန်နဲ့ အသက် ၃ နှစ်အရွယ် မောင်ကိုကိုထက်တို့ သေဆုံးခဲ့ပြီး မောင်ကိုကိုထက်ရဲ့ မိခင်နဲ့ ညီဖြစ်သူလည်း အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။ 

"မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေသလိုကို တဖက်သတ်ထဲပစ်ဝင်တာ။ သေတဲ့ကလေးက အမွှာမှာ အကြီးကောင်လေး၊ အငယ်ကောင်လေးနဲ့ အမေ ဒေါ်သီတာဦးကို စစ်တပ်က ဖမ်းသွားတယ်။ အကြီးကောင်လေးရဲ့ အလောင်းကိုပါ စစ်တပ်ကယူသွားတယ်"လို့ Khin Oo Support Organization တာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ကိုမျိုးကျော်အိမ်ကို ဝင်ရောက်စီးနင်းပြီး လက်နက်တွေနဲ့အတူ မသီတာဦး ကို ဖမ်းဆီးခဲ့တယ်ဆိုပြီး ဝါဒဖြန့်သတင်းလွှင့်ထားတယ်လို့ ဆိုပါတယ်။  

မျက်မြင်တွေ့လိုက်သူ တဦးကတော့ စစ်ကောင်စီတပ်သားတွေက မောင်ကိုကိုထက်ရဲ့အလောင်းကို သယ်သွားပြီး ညီဖြစ်သူ ညီညီထက်ကို ပွေ့ချီကာ ဒေါ်သီတာဦးကိုတော့ ခေါင်းမှာသွေးတွေစီးကျလျက် ဆွဲခေါ်သွားတာကို မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးတယ်လို့ ပြောတဲ့နေအိမ်ဟာ ကိုမျိုးကျော်အိမ် မဟုတ်ဘဲ ကိုဝေထက်နဲ့ မသီတာဦးတို့ နေအိမ်သာဖြစ်ပြီး မသီတာဦးကို ဖမ်းဆီးစဥ်မှာလည်း လက်နက်တွေမပါပဲ ကလေးငယ်ရုပ်အလောင်းနဲ့ ကလေးတဦးသာ ပါသွားတယ် ဗိုလ်လင်းရောင်က ဆက်ပြောပါတယ်။  

"သူတို့က ပစ်လိုက်လို့ ပြည်သူတွေသေလို့သာ အဲဒီအိမ်ကိုဝင်စီးတယ်လို့ ပြောတာ။ တအိမ်ထဲ ပစ်တာမဟုတ်ဘဲနဲ့ ရပ်ကွက်ထဲကို သူတို့စဝင်လာပြီ ဆိုကတည်းက လမ်းတလျှောက်ကို တွေ့ရာ မြင်ရာ ရမ်းသမ်းပစ်လာတော့တာပဲ" လို့ ဗိုလ်လင်းရောင်က ဆက်ပြောပါတယ်။ 

ဒါ့အပြင် အသက် ၃၂ နှစ်အရွယ် ကိုချမ်း၊ အသက် ၂၀ အရွယ် မောင်ဒိုးဒိုး၊ ၁၄ နှစ်အရွယ် မောင်ဖိုးဝိုင်း သေနတ်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး အသက် ၂၀ အရွယ် ကိုကုလားဆိုသူပါ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို ညတွင်းချင်း ခင်ဦးရဲစခန်းဘက်ကို ခေါ်ဆောင်သွားတယ်လို့သာသိရပြီး ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 

ပုံစာ - စီးနင်းမှုတွင် ဖမ်းဆီးရမိသည့် လက်နက်များဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #မြကန်သာ #စစ်ကောင်စီ #စီးနင်းပစ်ခတ် #ကလေးငယ်သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10