ခင်ဦးမှာ ကိုယ်ဝန် ၅ လနဲ့အမျိုးသမီး ၁ ဦးအပါ ဒေသခံ ၄ ဦးကို စစ်တပ်သတ်ဖြတ်

ခင်ဦးမှာ ကိုယ်ဝန် ၅ လနဲ့အမျိုးသမီး ၁ ဦးအပါ ဒေသခံ ၄ ဦးကို စစ်တပ်သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာ ကိုယ်ဝန် ၅ လနဲ့ အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့သွားတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဇန်နဝါရီ ၁၂ ရက် မနေ့က တဲစုကျေးရွာမှာ ညအိပ်တပ်စွဲခဲ့တဲ့စစ်တပ်ဟာ မနက် ၉ နာရီလောက်မှာ စစ်ကြောင်း ပြန်ထွက်လာစဥ် မြင်းကျကျေးရွာအနီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တနာရီကျော်အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကြောင်းဟာ မြင်းကျကျေးရွာထဲကို ဝင်သွားပြီး ရွာထဲမှာရှိနေတဲ့ အသက် ၆၅ နှစ်အရွယ် ဦးလှဝင်းကို ရင်ဘတ်မှာ သေနတ်နဲ့ သုံးချက်ပစ်သတ်သွားသလို  အသက် ၆၃ နှစ်အရွယ် ဦးမြင့်ဆွေကိုလည်း နောက်ကျောကို သေနတ်နဲ့ပစ်ကာ လည်ပင်းကိုပါ ဓားနဲ့ လှီးသတ်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကြောင်းဟာ မြင်းကျကျေးရွာနဲ့ မီတာ ၁,၆၀၀ လောက်ပဲဝေးတဲ့ ကျွန်းတောကြီးကျေးရွာဘက်ကို ထပ်မံဆုတ်ခွာခဲ့ပြီး ကန်ဘောင်မှာ တဲထိုးနေထိုင်တဲ့ ကိုယ်ဝန် ၅ လနဲ့ အသက် ၃၉ နှစ်အရွယ် မယဥ်ယဥ်သွေးကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ သိရပါတယ်။

"နဖူးကို တေ့ပစ်သွားတာ။ ခေါင်းကနောက်ကို ပွင့်ထွက်သွားတယ်။ ဘာမှကိုရစရာ မကောင်းဘူး" လို့  Khin Oo Special Task Forceအဖွဲ့က ဗိုလ်လင်းရောင်ကပြောပါတယ်။

အဲ့ဒီနောက်ရေဦးမြို့ကိုထွက်တဲ့စစ်ကြောင်းဟာ ရေဦးနဲ့ တမိုင်နီးပါးသာဝေးတဲ့ ကားဆိပ်ကျေးရွာမှ အသက် ၄၄ မယဥ်မိုးကို သေနတ်နဲ့ပစ်ခတ်ခဲ့သလို မယဥ်မိုးရဲ့ အမျိုးသား ခြေတဖက် မသန်စွမ်းတဦးဖြစ်တဲ့ အသက် ၄၇ နှစ် အရွယ် ဦးရှမ်းကြီးကိုလည်း ကျန်ရှိနေတဲ့ ခြေတဖက်ကို သေနတ်နဲ့ပစ်သွားတယ်လို့သိရပါတယ်။

"ဒူးထောက်တောင်းပန်တာကို တောင်းပန်လို့ မရဘူးလို့ပြောတယ်။ နောက်ထပ် ခြေထောက်တချောင်းကို ထပ်ပစ်သွားတယ်။ သူကတော့ ဒဏ်ရာရပေါ့" လို့ ဗိုလ်လင်းရောင်က ပြောပါတယ်။

ဒါ့အပြင်စစ်တပ်က စစ်ကြောင်းပြန်ဆုတ်ခွာတဲ့အချိန် ကျွန်းတောကြီးကျေးရွာထဲက နေအိမ် ၃ လုံး နဲ့ ဆိုင်ကယ် ၅ စီး ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့သိရပါတယ်။

"တိုက်ပွဲမှာ စစ်ကောင်စီကျဆုံးတဲ့ဟာတွေကို စုပုံပြီး အိမ်သုံးလုံးထဲထည့်ပြီး မီးရှို့သွားတယ်လို့ ခန့်မှန်းရတာပေါ့"လို့ ဗိုလ်လင်းရောင်က ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ လက်ရှိမှာရေဦးမြို့ထဲကို ပြန်ဝင်သွားပြီလို့သိရပါတယ်။ ဒီစစ်ကြောင်းဟာ ဒီပဲယင်း၊ ရေဦးနဲ့ ခင်ဦးနယ်တကြောမှာ အကြိမ်ကြိမ် လူသတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ဘီလူးစစ်ကြောင်းလို့ ဒေသခံတွေကပြောကြသလို စစ်ကောင်စီလော်ဘီတယ်လီဂရမ်တွေကလည်း အတည်ပြုထားကြပါတယ်။

ပုံစာ - ကျွန်းတောကြီးကျေးရွာ မီးရှို့ခံနေရပုံ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ်  #စစ်ကြောင်း #စစ်ကောင်စီ #ကိုယ်ဝန် #အမျိုးသမီး #ဒေသခံ #ပြည်သူ #မီးရှို့ #သတ်ဖြတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10