ခင်ဦးမှာ ကျေးရွာပကဖရဲဘော် ၄ ဦးအသတ်ခံရပြီး ၁ ဦးပျောက်ဆုံးနေ

ခင်ဦးမှာ ကျေးရွာပကဖရဲဘော် ၄ ဦးအသတ်ခံရပြီး ၁ ဦးပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းကြီးကျေးရွာ၊ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၄ ဦး စက်တင်ဘာ ၁၀ ရက်မှာအသတ်ခံရပြီး နောက်ထပ်ဖမ်းဆီးခံရတဲ့ရဲဘော် ၁ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ခင်ဦး PDF ရဲဘော်တဦးက ပြောပါတယ်။ 

ကျေးရွာ ပကဖရဲဘော်တွေဖြစ်တဲ့ ရဲထက်အောင် ၂၃ နှစ်၊ ဝင်းထွန်(ခ) ကျွဲကြီး ၂၄ နှစ်၊ မောင်တုတ် (ခ) တုတ်ကြီး ၂၄ နှစ်၊ မူကြီး ၂၅ နှစ်တို့ကို သူတို့ကင်းစောင့်နေတဲ့ မဒေါင်းကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာမှာပဲ အလောင်းတွေကို တွေ့ခဲ့တာလို့ ဆိုပါတယ်။ 

ဒါ့အပြင် အသက် ၃၀ အရွယ် ဗိုလ်ရဲကိုလည်း အထက်ပါရဲဘော်တွေအသတ်ခံရတဲ့နေ့ နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက စည်ပုတ္တရာကျေးရွာမြောက်ဘက်မှာဖမ်းဆီးသွားခဲ့ပြီး စက်တင်ဘာ ၁၂ ရက်ဒီနေ့အထိ ပြန်မတွေ့ရသေးတာကြောင့် အသတ်ခံလိုက်ရပြီလို့ပဲ ယူဆထားကြောင်း ခင်ဦး PDF ရဲဘော်တဦးက ပြောပါတယ်။ 

"စကစတွေက သူတို့ (ပကဖရဲဘော်တွေ)ကို ဖမ်းမိပြီးတော့ ပစ်သတ်သွားတာ။ ၄ ယောက်က ကင်းစောင့်နေရင်း မိသွားတာ။ ကျန်တဲ့ ၁ ယောက်ကတော့ စစ်ကြောင်းကို ကင်းလိုက်ထောက်နေရင်း မိသွားတာ။ သူ့ကိုတော့ ဖမ်းခေါ်သွားတယ်။ သူ့ကိုလည်း အခုချိန်လောက်ဆို သတ်ပြီးလောက်ပြီ။ အလောင်းမတွေ့သေးတာပဲရှိတာ"လို့ ခင်ဦး PDF ရဲ့ ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါရဲဘော်တွေကို သတ်ဖြတ်ဖမ်းဆီးခဲ့တဲ့စစ်ကြောင်းဟာ ဝါသဝလက်အောက်ခံ ပျူစောထီးတွေနဲ့ ခမရ ၃၆၁ က စစ်ကောင်စီတပ်သားတွေဖြစ်ပြီး အင်အား ၂၀၀ ကျော်ပါဝင်တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ အဆိုပါရဲဘော်တွေကို သတ်ဖြတ်ဖမ်းဆီးပြီးနောက် ဂျပို့၊ ပေါက်သင့်တုံ၊ စည်ပုတ္တရာ ကျေးရွာကနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။ 

 ဒါ့အပြင် ပြီးခဲ့တဲ့သြဂုတ် ၂၃ ရက်ကနေ စက်တင်ဘာ ၁၂ ရက်ဒီကနေ့ နေ့လယ်ပိုင်းအထိ အဆိုပါစစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၁၂ ရွာကို တရွာပြီးတရွာ ဝင်ရောက်မီးရှို့ခဲ့ကြတာကြောင့် ဒေသခံ နှစ်ထောင်ကျော် နေရပ်စွန့်ခွာနေရတယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #စစ်ကောင်စီ #သတ်ဖြတ် #ရပ်ကျေးပကဖ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10