ခင်ဦးမှာ ခရီးသည်တင်ယာဥ် ၁ စီး မိုင်းထိလို့ ၇ ဦးဒဏ်ရာရ

ခင်ဦးမှာ ခရီးသည်တင်ယာဥ် ၁ စီး မိုင်းထိလို့ ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ထနောင်းကိုင်းလေးကျေးရွာလမ်းဆုံ၊ မြစ်ကြီးနား-ရွှေဘို ကားလမ်းမှာ ခရီးသည်တင်ယာဥ် ၁ စီး မိုင်းထိလို့ ၇ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၂၇ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ကလေးမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ တင့်တိုင်းအောင်ယာဥ်လိုင်း ခရီးသည်တင်ယာဥ်ဟာ မောင်းနှင်လာချိန်မှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

"ကလေးကနေ ရန်ကုန်အတက်ကားလို့ သိရတယ်။ ကားလည်း ဖြစ်တဲ့နေရာအရောက် မိုင်းလည်း ထကွဲတာ။ ကားက ရှေ့ဘန်ကာကြီးတောင် ပြုတ်ကျသွားတယ်။ ဒဏ်ရာတွေကတော့ မစိုးရိမ်ရတွေ ရသွားကြတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းထိလို့ ကားပေါ်ပါ ကလေးမြို့ခံတွေဖြစ်တဲ့ အသက် ၆ နှစ်ခန့် မိန်းကလေးငယ် ၁ ဦး၊ အသက် ၂၀ နဲ့ ၄၀ ကြား အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၃ ဦးစုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာရသွား ကြတယ်လို့ ဆိုပါတယ်။

ထိခိုက်သွားသူတွေကိုတော့ လူမှုကူညီရေး အသင်းတွေက ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

ခရီးသည်တင်ယာဥ်ကတော့ စစ်ကောင်စီတပ်တွေရဲ့ မေးမြန်းစစ်ဆေးမှုကို ခံယူပြီး ရန်ကုန်ကို ကျန်ရှိခရီးသည်တွေနဲ့ ဆက်ထွက်သွားတယ်လို့ ဆိုပါတယ်။

၂၀၂၂ ဩဂုတ်လ ၂၀ ရက်ကလည်း ခင်ဦးမြို့နယ်၊ အလယ်လျှိုပေါက်ကျေးရွာ၊ မြစ်ကြီးနား-ရန်ကုန်ကားလမ်းမှာ တက်နေလင်း ခရီးသည်တင်ယာဥ် မိုင်းထိပြီး ယာဥ်နောက်လိုက်ဖြစ်သူ ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦး #အဝေးပြေးကားလမ်း #သယ်ယူပို့ဆောင်ရေး #မိုင်းထိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10