သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ၇ ရက်တပတ်အတွင်း ကျေးရွာ ၃ ရွာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
သြဂုတ် ၁၉ ရက်မှာ ဗအိုးရွာ၊ ၂၁ ရက်မှာ ရှားလွင်ရွာ၊ ၂၅ ရက်မှာ မုံလှရွာတို့ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဗအိုးရွာ ဗုံးကြဲမှုမှာ ကိုမင်းသူ ၃၀ နှစ်သေဆုံးကာ နောက်ထပ်အမျိုးသားနဲ့ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့သလို ရှားလွင်ကျေးရွာ ဗုံးကြဲခံရမှုမှာတော့ အသက် ၄၀ ကျော်အရွယ်ရှိကြတဲ့ လယ်သမားအမျိုးသား ၃ ဦး ဒဏ်ရာရ ရှိခဲ့ပြီး လယ်တဲတဆောင်ပျက်စီးခဲ့ပါတယ်။
ယမန်နေ့ ည ၈ နာရီကျော် မုံလှကျေးရွာ ဗုံးကြဲခံရမှုမှာတော့ အသက် ၂၀ ကျော်အရွယ် PDF ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
"ဗုံး ၂ လုံးကြဲတာ။ တလုံးက ရွာထဲမှာ တပ်ရင်းနေသွားတဲ့နေရာအနီး လမ်းမကိုကျတာ။ တပ်ရင်းကို ကျနော်တို့က ရွှေ့ထားတော့ ရဲဘော်တွေ မထိတာ။ လမ်းသွားနေတဲ့ ရဲဘော်တဦးကိုပဲ ထိတာ။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူး။ နောက်တလုံးကတော့ ရွာနဲ့အလှမ်းဝေးတဲ့ တောထဲကိုကျတာ" လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မုံလှကျေးရွာကို ဗုံးကြဲချခဲ့တာဟာ ရွာထဲမှာ PDF တပ်ရင်းတွေ နေခဲ့တဲ့နေရာတွေကို စစ်ကောင်စီဘက်က သတင်းရပြီး တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ အထက်ပါ ပကဖတာဝန်ရှိသူက ပြောပါ တယ်။
ဒါ့အပြင် မုံလှကျေးရွာ ရွာခံပြည်သူတွေဟာ ဗုံးမကြဲမီအချိန်မှာ ဗုံးခိုကျင်းတွေထဲ အလျင်အမြန်ဝင်ရောက် ခိုလှုံနိုင်ခဲ့တာကြောင့် လူအထိအခိုက်မရှိဘဲ လူနေအိမ် ၅ လုံး ပျက်စီးမှုရှိခဲ့တာလို့ Local PDF(Khin U)မှ ရဲဘော်တဦးက ပြောပါတယ်။
မုံလှကျေးရွာမှာ အိမ်ခြေ ၁၀၀၀ ကျော် ရှိပြီး အဲဒီထဲက အိမ်ခြေ ၄၀၀ ကျော်ကိုတော့ ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၁၈ ရက်မှာ ခင်ဦးမြို့နယ်ရှိ မဒေါင်းလှကျေးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်းကစပြီး စစ်ကောင်စီက လေကြောင်းသုံးကာ ကျေးရွာတွေကို လိုက်လံဗုံးကြဲနေတာလည်း ဖြစ်ပါတယ်။
ပုံစာ - မုံလှရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ပုံဟောင်း)
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ခင်ဦးမြို့ #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ
Share Share Share