သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကျွန်းလယ်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ကြာပင်အိုင်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ခင်ဦးမြို့နယ်၊ အောင်သာကျေးရွာက ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ ကျွန်းလယ်ရွာအနီးမှာ ကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းတွေကို နင်းမိပြီးနောက် နာရီဝက်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။
"ပထမ သူတို့မိုင်းမိတယ်။ မိုင်းကွင်းထဲရောက်ပြီး တိုက်မိုင်းတွေမိတယ်။ မိုင်းမိပြီး ဒီဘက်က တပ်ရင်းတပ်ဖွဲ့တွေက အသင့်ဝိုင်းပစ်တယ်။ အကျအဆုံးတော့ မသိရဘူး" လို့ Khin Oo Special Force Organization - KSO အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုကို မသိရသေးဘဲ ကာကွယ်ရေးတပ်တွေ ဘက်ကတော့ ရဲဘော်တဦး ခြေထောက်ကိုကျည်ထိမှန်ခဲ့ကာ စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ ပြောပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ ကျွန်းလယ်ရွာကနေ ၃ မိုင်လောက်ဝေးတဲ့ ကြာပင်အိုင်ရွာကို ဆက်လက်စစ်ကြောင်းထိုးသွားပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
"အကြီးအကျယ် ရှို့တာကြီးတော့မဟုတ်ဘူး။ တိုက်ပွဲမှာကျတဲ့အလောင်းတွေ ဖျောက်ဖျက်သလားမသိဘူး "လို့ ဗိုလ်လင်းရောင်က ပြောပါတယ်။
နေအိမ်ပျက်စီးမှု အရေအတွက်ကို မသိရှိရသေးပါဘူး။ လက်ရှိမှာတော့ စစ်ကြောင်းက ရွှေဘိုမြို့နယ်ဘက်ကို ထွက်သွားတဲ့အတွက် ခင်ဦးနဲ့ ရွှေဘိုနယ်အစပ်ရှိကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကြောင်းဟာ သြဂုတ် ၂၂ ရက် မနေ့ကလည်း ခင်ဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် မရမ်းအင်းကျေးရွာက စစ်ရှောင်အဘိုးအိုတဦး အမောဖောက်သေဆုံးခဲ့ပါတယ်။
ပုံစာ - စစ်မြေပြင်မှ Khin Oo Special Force Organization - KSO တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ခင်ဦး #ကျွန်းလယ် #တိုက်ပွဲ #PDF #စစ်ကောင်စီ #မီးရှီု့ #သတင်း
Share Share Share