ခင်ဦးမှာ အသက် ၈၀ ကျော်အဘွားအိုတဦး ၂ ရက်ကြာ စစ်ရှောင်ပြီးနောက် ရွာအပြန်လမ်းတွင် သေဆုံး

ခင်ဦးမှာ အသက် ၈၀ ကျော်အဘွားအိုတဦး ၂ ရက်ကြာ စစ်ရှောင်ပြီးနောက် ရွာအပြန်လမ်းတွင် သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာတွေကို ဧပြီလ ၁၈ ရက်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ၂ ရက်ကြာ ထွက်ပြေးတိမ်းရှောင်ပြီး စစ်ကြောင်းပြန်ထွက်သွားလို့ ဧပြီလ ၁၉ ရက်ညနေ ကျေးရွာသို့ ပြန်လာခဲ့ရာမှာ အသက် ၈၃ နှစ်အရွယ် အဘွားဟာ လမ်းမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးခဲ့သူမှာ အင်းပတ်ကျေးရွာက အဘွားဒေါ်ဘုစိန်ဖြစ်ပြီး သူဟာ တခြားသူတွေနဲ့အတူ စစ်ဘေး တိမ်းရှောင်နေပြီးနောက် မိမိကျေးရွာကို ပြန်လာတဲ့အချိန် သုံးဘီးပေါ်မှာ ရေဓာတ်ပြတ်ကာ ချွေးထွက်လွန် အမောဖောက်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။


"စစ်ကြောင်းပြန်ထွက်သွားလို့ သုံးဘီးနဲ့ရွာကို ပြန်တာ။ သုံးဘီးပေါ်မှာက လူတွေပြွတ်သိပ်တယ်။ နေကလည်း တအားပူ။ ရေမသောက်ရ အသက်လည်းကြီးတော့ အမောဆို့ပြီး သေတာ။ အခုက ကျနော်တို့နယ်ကို ကန့်ဘလူ၊ ရွှေဘိုနယ်တို့က စစ်ရှောင်တွေ လာခိုလှုံနေကြတယ်။ စစ်ရှောင်တွေ တရက်ထက်တရက် တော်တော်များလာနေတယ်။ ကျနော်တို့ကလည်း တတ်နိုင်သလောက်တော့ ကူညီပေးထားတယ်။ ဒါပေမဲ့ မလုံလောက်ဘူး ဖြစ်နေတယ်" လို့ သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို ဧပြီလ ၁၈ ရက်မှစကာ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် စစ်ကြောင်းထိုးကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်နေတာကြောင့် ဒေသခံ ၅၀၀၀ ခန့်ထွက်ပြေးနေကြရ တယ်လို့ သိရပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဧပြီလ ၁၈ ရက်မှာ တကြိမ်၊ ၁၉ ရက် ဒီမနက်မှာ တကြိမ် မြကန်ရွာ၊ အင်းပတ်ကွေ့ရွာ၊ မြင်းဒေါင်းကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ကာ အနီးပတ် ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အခုလို ထွက်ပြေးနေကြရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

"ထပ်တိုးစစ်ရှောင်လာသူတွေက ၁၅၀၀ ခန့်ပေါ့။ နေရပ်မပြန်နိုင်ဘဲ အမြဲတမ်း စစ်ရှောင်က ရှိနေသေးတယ်။ ဒါကြောင့် တဲလေးတခုမှာ မိသားစုတွေ ပြွတ်သိပ်ပြီး နေရတယ်။ တချို့ဆို ရင် သစ်ပင်အောက်တွေမှာ မိုးကာထိုးပြီး အကာမရှိဘဲ နေရတယ်။ လူဦးရေက များလာတော့ ရေ၊ စားစရာတွေ မလုံလောက်တော့ဘူး။ ကိုယ်ဝန်သည်တွေ၊ ကလေးတွေ၊ သက်ကြီးတွေ အတွက်ကလည်း ဆေးဝါးပစ္စည်းက လိုသထပ် လိုလာနေတယ်" လို့ သူက ဆိုပါတယ်။

ထပ်တိုးလာတဲ့ အမြဲတမ်းစစ်ရှောင် ၁၅၀၀ ခန့်မှာ လတ်တလော ထွက်ပြေးနေကြရတဲ့ ကန့်ဘလူ၊ ရွှေဘို၊ ခင်ဦးနယ်သူတွေကဖြစ်ပြီး ခင်ဦးနယ်မှာက အမြဲတမ်း စစ်ရှောင်တွေကလည်း ရာနဲ့ချီရှိနေသေးတာကြောင့် နေရာထိုင်ခင်း၊ သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါပစ္စည်းတွေ အရေးပေါ်လိုအပ်နေပေမယ့် လုံလောက်စွာ မထောက်ပံ့ပေးနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေတယ်လို့ အထက်ပါ တာဝန်ရှိသူက ထပ်လောင်း ပြောဆိုပါတယ်။

လက်ရှိမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မနာမကျန်းဖြစ်သူတွေကို CDM ဆရာဝန်၊ သူနာပြုတွေနဲ့ အမြဲတမ်း ကုသမပေးနိုင်ပေမယ့် ကျန်းမာရေးကိစ္စတခုခု ဖြစ်လာရင် ဆက်သွယ်ပေးဖို့ကိုလည်း အချိတ်အဆက်တွေ လုပ်ပေးထားတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်တခုတည်းမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခု (၂၀၂၃) ဧပြီလ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတဲ့ ဒေသခံပြည်သူနဲ့ PDF ရဲဘော်စုစုပေါင်း ၂၈၄ ဦးရှိသလို မီးရှို့ခံလိုက်ရတဲ့ လူနေအိမ်ပေါင်း ၄၅၀၀ ကျော်ရှိနေပြီဖြစ်တာကြောင့် အလှူရှင်တွေအနေနဲ့ ကူညီပေးကြဖို့ကိုလည်း ခင်ဦးမြို့နယ် သတင်းမှန်အဖွဲ့သားများက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ပုံစာ - ခင်ဦးနယ်အတွင်းက စစ်ရှောင်များ။

စာတည်း - လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10