ခန္တီးနဲ့ မော်လိုက်ခရိုင်က ၁ လအတွင်းတိုက်ပွဲတွေမှာ စစ်သား ၁၀၀ ဝန်းကျင်သေဆုံးပြီး လက်နက်တွေပါသိမ်းနိုင်ခဲ့

ခန္တီးနဲ့ မော်လိုက်ခရိုင်က ၁ လအတွင်းတိုက်ပွဲတွေမှာ စစ်သား ၁၀၀ ဝန်းကျင်သေဆုံးပြီး လက်နက်တွေပါသိမ်းနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်နဲ့ မော်လိုက်ခရိုင်ထဲက ကျေးရွာတွေအနီး မေလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၀၀ ဦးဝန်းကျင်သေဆုံးပြီး သေနတ် ၃၉ လက်နဲ့  စစ်သုံးပစ္စည်းတွေ သိမ်းနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဇွန် ၇ ရက် မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မေလပထမပတ်ကနေစတင်ပြီး ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ထဲက လွှစင်ကုန်း၊ ပုရစ်၊ ဖာနိုင်း၊ မုက္ကလိ၊ သာဂေါင်းငေါ၊ မြင်သာ၊ ငိုးပင်း၊ ဇီးပင်သာ၊ မယ်ဇလီ၊ ရေလဲ၊ တီလောင်လမ်းဆုံနဲ့ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်ထဲက ရောင်းဟီး၊ အရှေ့ခမိုင်း၊ သက္ကယ်ကျင်း၊ ဆည်ချောင်း၊ ပုဂံတောင်၊ ဟာပါ၊ ညောင်ကုန်း၊ ချောင်းခွ၊ မယ်ဇလီ၊ ခုံသာ၊ နန်းပန်၊ အင်းဝိုင်း၊ မော်လိုက်ကုန်း၊ ရွှေထီးကုန်း၊ ဆိတ်စား စတဲ့ ရွာတွေအနီးမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာပါ။ 

“မေလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ ဆည်ချောင်း၊ ဟာပါ၊ ဆိတ်ဆား၊ ညောင်ကုန်း ပျူစခန်း ၄ ခုသိမ်းနိုင်တယ်။ ဆည်ချောင်းနဲ့ ဟာပါမှာ စစ်ကြောင်းမှူးအပါ အကျအဆုံးများတယ်။ စစ်**နဲ့ ပျူတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်” လို့ ဖောင်းပြင်မြို့နယ် မြေပြင်ရဲဘော်တဦးက မေ ၁၃ ရက် အင်တာဗျူးမှာ မြေလတ်အသံကို ပြောဆိုထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၀၀ ဦးဝန်းကျင်သေဆုံးကာ အလောင်း ၃၂ လောင်း ရရှိခဲ့ပြီး သေနတ် ၃၉ လက်၊ ကျည်မျိုးစုံ ၇၅၇၂ တောင့်၊ ဗုံး အလုံး ၃၀ ကျော်၊ Jammer စက်နဲ့ စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခန္တီးခရိုင်တပ်ရင်း၊ မော်လိုက်ခရိုင်တပ်ရင်း၊ အထူးလှုပ်ရှားတပ်ရင်းတွေနဲ့ သက်ဆိုင်ရာတာဝန်ခံ ပကဖတွေ စုပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ကာကွယ်ရေးရဲဘော်တွေဘက်ကလည်း တိုက်ပွဲတွေ အတွင်း ၂၉ ဦး သေဆုံးကာ ဒဏ်ရာရတဲ့ရဲဘော်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က အဆိုပါတိုက်ပွဲကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အများအပြား ပြုလုပ်ခဲ့သလို မေ ၁၇ ရက်က အင်းဝိုင်းရွာကိုစစ်ကြောင်းထိုးကာ ၁၃ နှစ်အရွယ်ကလေး ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။

မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အကြားမှာ ဇန်နဝါရီလကတည်းက တိုက်ပွဲအချို့ စတင်ဖြစ်ခဲ့ရာ ဧပြီလနဲ့ မေလမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာတာလည်း ဖြစ်ပါတယ်။ 

ပုံစာ - မေလ တိုက်ပွဲများအတွင်း သိမ်းဆည်းရမိခဲ့သည့် စစ်လက်နက်ပစ္စည်းအချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ခန္တီး #မော်လိုက် #တိုက်ပွဲ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10