ခန္တီးမြို့ရေကြီးပြီးနောက် ကုန်စျေးနှုန်း ၂ ဆ မြင့်တက်နေ

ခန္တီးမြို့ရေကြီးပြီးနောက် ကုန်စျေးနှုန်း ၂ ဆ မြင့်တက်နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပြီးနောက် ကုန်စျေးနှုန်း ၂ ဆနီးပါး မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေကြီးမှုကြောင့် ဒေသစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ပျက်စီးတာ၊ အခြားဒေသက ကုန်စည် ဝင်ရောက်မှုနည်းပါးလာတာကြောင့် ကုန်စျေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာနေလို့ စားသောက်ဖို့အတွက်ပါ ခက်ခဲနေကြတာလို့ ဆိုပါတယ်။

"စျေးတက်တာကတော့ ပစ္စည်း ၁ ခုကို နှစ်ဆသုံးဆမကဘူး တက်နေတာ။ စျေးတက်ပေမယ့်လည်း မစားလို့လည်းမရဘူး။ အရင်ကထက်တော့ အများကြီးစိစစ်ပြီး ဝယ်ခြမ်းနေရတယ်။ စားဖို့အတွက်ကိုပဲ တနေ့တနေ့ လုံးပန်းနေကြရတယ်"လို့ ခန္တီးမြို့ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ရေမကြီးခင်က ဘဲဥ ၁ လုံး ၆၀၀ ကျပ်၊  ကြက်ဥ ၅၀၀ ကျပ်၊ ကန်စွန်းရွက် ၁ စည်း ၅၀၀ ကျပ်၊ ချဥ်ပေါင် ၁ စည်း ၇၀၀ ကျပ်၊ ဂေါ်ရခါးသီး ၃ လုံး ၂၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ၁ ပိသာ ၂၀၀၀၀ ကျပ်၊  ကြက်သား ၁ ပိသာ ၂၅၀၀၀ ကျပ်၊ ဆန်ကြမ်း ၁ အိတ် ၁၅၀၀၀၀ ကျပ်ခန့်၊ ဆန်ချော ၁ အိတ် ၂၂၀၀၀၀ ကျပ်ခန့်ရှိခဲ့ပါတယ်။

ရေကြီးပြီးနောက်ပိုင်း လက်ရှိအချိန်မှာတော့ ဘဲဥ ၁ လုံး ၁၂၀၀ ကျပ်၊  ကြက်ဥ ၁၀၀၀ ကျပ်၊  ကန်စွန်းရွက် ၁ စည်း ၇၀၀ ကျပ်၊ ချဥ်ပေါင်တစည်း ၁၀၀၀ ကျပ်၊ ဂေါ်ရခါးသီး ၃ လုံး ၅၀၀၀ ကျပ်၊  ခရမ်းချဥ်သီး ၁ ပိသာ ၄၀၀၀၀ ကျပ်၊ ကြက်သား ၁ ပိသာ ၅၀၀၀၀ ကျပ်၊ ဆန်ကြမ်း ၁ အိတ် ၂၅၀၀၀၀ ကျပ်၊ ဆန်ချောတအိတ် ၄၀၀၀၀၀ ကျပ်ခန့် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီမှာလည်း 92 ၁ လီတာ ၁၅၀၀၀ ကျပ်၊ 95 ၁ လီတာ ၁၈၀၀၀ ကျပ်ထိ စျေးပေးဝယ်ယူနေရတယ်လို့ သိရပါတယ်။

"ကုန်စျေးနှုန်းကြီးလို့ အလွယ်တကူဝယ်လို့ရလားဆိုတော့လည်း လိုသလောက် မရဘူး။ အလုအယက် ဝယ်နေရတယ်။ ပိုက်ဆံရှိသူက အကောင်းဝယ်လိုက်ရင် မရှိသူကရှိတာဝယ်စားပဲ။ စျေးထဲမှာလည်း စျေးသည်တွေက ခပ်ကျဲကျဲပဲရှိတာ။ ဘာပစ္စည်းဖြစ်ဖြစ် မှောင်ခိုဝယ်နေရတယ်"လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

အထက်ပါကုန်စျေးနှုန်းတွေဟာ ခန္တီးမြို့ပေါ်မှာ လက်ရှိပေးနေရတဲ့စျေးနှုန်းတွေကို အခြေခံ ပြောဆိုထားတာဖြစ်ပြီး ကျေးရွာတွေဘက်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။ 

ခန္တီးမြို့နယ်ဟာ ကုန်းလမ်းကြောင်းကနေ လမ်းပန်းဆက်သွယ်ရေးမကောင်းတာကြောင့် ရေကြောင်းနဲ့ လေကြောင်းကိုသာ အများဆုံးအသုံးပြုသွားလာနေကြရတာပါ။ 

ခန္တီးမြို့ကို တင်သွင်းတဲ့ကုန်စည်တွေကလည်း ရေကြောင်းကနေ အများဆုံးသယ်ယူပို့ဆောင်ကြတာဖြစ်ပြီး မုံရွာ၊ မန္တလေးဘက်ကနေ အများဆုံးသယ်ယူရောင်းချကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကုန်စည်တွေကို ရေလမ်းကြောင်းကနေသယ်ယူရာမှာလည်း စက်သုံးဆီစျေးနှုန်းမြင့်တက်တာ၊ ရေလမ်းကြောင်းတလျှောက် စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကနေ ငွေကြေးကောက်ခံမှုတွေများတာကြောင့် ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာနေတာလို့ အထက်ပါ ခန္တီးဒေသခံအမျိုးသမီးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကနေစတင်ပြီး ချင်းတွင်းမြစ်ရေဝင်ရောက်လာတာကြောင့် ခန္တီးမြို့ဟာ မြို့လုံးကျွတ် ရေနစ်မြုပ်ခဲ့ရပြီး ၁၀ ရက်ခန့်ရေကြီးတဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်။

ရေကြီးတာ ၁၀ ရက်ကျော်ကြာပြီးနောက်မှာ ရေပြန်ကျသွားခဲ့ရာ နေအိမ်တွေ၊ စျေးဆိုင်တွေနဲ့ စိုက်ခင်းတွေအများအပြားပျက်စီးမှုတွေရှိခဲ့သလို ကုန်ပစ္စည်းတွေလည်း ရေစိုပျက်စီးတာတွေရှိကာ လူဦးရေ ထောင်ချီရေဘေးသင့်ခဲ့ပြီး ရေကြီးမှုအတွင်းမှာလည်း ဒေသခံ ၄ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ခန္တီး #ရေကြီး #စျေးနှုန်းမြင့်တက် #သဘာဝဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10