ခန္တီးမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးဆုံးရေကြီးမှုပြန်ကြုံနေရပြီး လူဦးရေသောင်းချီ ရေဘေးသင့်

ခန္တီးမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးဆုံးရေကြီးမှုပြန်ကြုံနေရပြီး လူဦးရေသောင်းချီ ရေဘေးသင့်

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ခန္တီးမြို့နယ်မှာ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် လူဦးရေသောင်းချီ ရေဘေးသင့်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင်လ ၂ ရက်ကစတင်ကာ မြို့အနိမ့်ပိုင်းနေရာတွေကို ချင်းတွင်းမြစ်ရေဝင်ရောက်လာတာဖြစ်ပြီး  ဇူလိုင် ၈ ရက်မှာ မြစ်ရေမြင့်တက်မှု အမြင့်ဆုံးအခြေအနေထိရောက်လာတာကြောင့် တမြို့လုံးနီးပါး ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

"အနိမ့်ပိုင်းတွေဆို အိမ်တွေမပေါ်တော့ဘူး။ တမြို့လုံးရဲ့အမြင့်ပိုင်းလို့ပြောရမယ့် ဆေးရုံကုန်းလို နေရာပဲရေလွတ်တော့တာ ကျန်တာအကုန်မြုပ်နေပြီ။ ဒီမနက်တော့ ရေကထပ်တက်တာမရှိဘဲ တန့်နေပါတယ်" လို့ ခန္တီးမြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

၁၉၉၀ ခုနှစ်က ခန္တီးမြို့မှာ အခုလိုအခြေအနေအထိ ရေကြီး၊ရေလျှံမှုအမြင့်ဆုံးဖြစ်ခဲ့ပြီးတဲ့နောက် နှစ်ပေါင်း ၃၀ ကျော်အတွင်း နောက်ထပ်တကြိမ် အဆိုးဆုံးရေကြီးမှုနဲ့ ပြန်ကြုံရတာလို့ ဆိုပါတယ်။

ခန္တီးမြို့ပေါ် တမြို့လုံးနီးပါး ရေကြီးနစ်မြုပ်တဲ့အပြင် မြို့အနီးတဝိုက်ကျေးရွာတွေပါ ရေမြုပ်နေလို့ ဒေသခံသောင်းချီရေဘေးသင့်နေပြီး မြို့ရဲ့ရေလွတ်ရာ အမြင့်ပိုင်းနေရာတွေကို ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ သိရပါတယ်။

လတ်တလောမှာ ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာလိုအပ်ချက်တွေရှိနေပေမယ့် လုံးဝပြတ်တောက်နေတာမျိုးမရှိသေးကြောင်းသိရကာ ဆက်သွယ်ရေးလိုင်းတွေလည်းပြတ်တောက်နေပြီး စစ်ကောင်စီပိုင် MEC ဖုန်းလိုင်းတမျိုးတည်းသာ ဆက်သွယ်လို့ရနေတယ်လို့ ဆိုပါတယ်။

မိုးဇလဌာနရဲ့  ဇူလိုင် ၉ ရက်၊ ဒီကနေ့မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ  ခန္တီးမြို့၊ ချင်းတွင်းမြစ်ရေဟာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂၆၉ စင်တီမီတာ ( ၉ ပေ နီးပါး) ကျော်လွန်ရောက်ရှိနေတယ်လို့ သိရပါတယ်။

စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

#ရေကြီးရေလျှံ #သတင်း #ခန္တီးမြို့သတင်း #ချင်းတွင်းမြစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10