ခန္တီးမှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်

ခန္တီးမှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ၃ လက်မကျော်လွန်နေပြီး အောင်သာရွာရဲ့ မြေနိမ့်ပိုင်းမှာ မြစ်ရေ စတင်ဝင်ရောက်နေပြီလို့ သိရပါတယ်။

မိုး‌လေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၁ ရက် ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေဟာ ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ် အထက် ၄ ပေခန့် မြင့်တက်နိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ သတိပြုနေထိုင်သင့်တယ်လို့ ဆိုပါတယ်။

ခန္တီးဒေသခံတဦးကတော့ “အောင်သာရွာရဲ့ အနိမ့်ပိုင်းတွေ ချင်းတွင်းမြစ်ရေဝင်နေပါပြီ။ ရေတံခါး နှစ်ခုလုံးလည်း ရေဝင်နေပါပြီ။ စိုးရိမ်ရေမှတ်လည်း ကျော်ပြီလို့ သိရပါတယ်။ အနောက်ဘက်က အင်းရေ အတက်မြန်တော့မှာမို့ ခန္တီးစျေးနဲ့ အနိမ့်ပိုင်းတွေ ကြိုတင်သိမ်းဆည်းပြင်ဆင်ကြဖို့ အသိပေးအပ်ပါတယ်။” လို့ သူ့ရဲ့ Facebook စာမျက်နှာမှာသတိပေး ရေးသားထားပါတယ်။

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမှာ အနီရောင် အဆင့်ရှိနေပြီး၊ ချင်းတွင်းမြစ်ရေဟာ တနိုင်းမှာ ခရမ်းရောင် အဆင့်ထိရောက်နေတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ Facebook လူမှုကွန်ယက် စာမျက်နှာမှာ ‌ထုတ်ပြန်ထားပါတယ်။

မိုးလေဝသပညာရှင် မစုစုစံကလည်း ၇၂ နာရီကနေ ၈၆ နာရီအတွင်း ဧရာဝတီမြစ်ရေက ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ ရွှေကူ၊ တကောင်း စတဲ့မြို့တွေရဲ့ စိုးရိမ်ရေအမှတ်ထိ ရောက်ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။

ချင်းတွင်းမြစ်ရေနဲ့ ဧရာဝတီမြစ်ရေဟာ အမြင့်ပိုင်းကနေ အနိမ့်ပိုင်းကို ဆက်လက် စီးဆင်းလာမှာဖြစ်တဲ့အတွက် အနိမ့်ပိုင်းဒေသတွေ သတိထားပြီး ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်။

အခုလက်ရှိ မြစ်ကြီးနားမြို့မှာ တမြို့လုံးနီးပါး ရေကြီီးနေပြီး ဝိုင်းမော်မြို့နယ်က ကျေးရွာတချို့မှာလည်း ဧရာဝတီမြစ်ရေတွေ စတင်ဝင်ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - ခန္တီးမြို့နယ်၊ အောင်သာရွာ မြေနိမ့်ပိုင်းတွင် ချင်းတွင်းမြစ်ရေ ဝင်ရောက်နေပုံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခန္တီးမြို့နယ် #ချင်းတွင်းမြစ်ရေ #စိုးရိမ်ရေမှတ် #အောင်သာရွာ #မြစ်ကြီးနား #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10