ခမ်းပါတ်တိုက်ပွဲမှာ တပ်ပျက်ထွက်ပြေးသွားတဲ့စစ်ကြောင်းက စစ်သုံ့ပန်းတချို့ ထပ်မံဖမ်းဆီးရမိ

ခမ်းပါတ်တိုက်ပွဲမှာ တပ်ပျက်ထွက်ပြေးသွားတဲ့စစ်ကြောင်းက စစ်သုံ့ပန်းတချို့ ထပ်မံဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့တိုက်ပွဲမှာ တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားရတဲ့ စစ်ကောင်စီ စစ်ကြောင်းက စစ်သားတချို့ကို လက်နက်နဲ့တကွ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီဘက်က မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ခမရ ၃၉၁ နဲ့ ခလရ ၂၂၈  ပူးပေါင်းအင်အား ၂၀၀ နဲ့ ဒီဇင်ဘာ ၁၀ ရက်က စတင်ကာ ထိုးစစ်ဆင်လာတာဖြစ်ပြီး ၁၆ ရက်မှာတော့ တပ်ပျက်ကာ ဆုတ်ပြေးသွားကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကြောင်းကနေ ဒီဇင်ဘာ ၁၆ ရက်က စစ်သုံ့ပန်း ၂ ယောက်၊ ၁၇ ရက်က ၄ ယောက် ဖမ်းမိထားပြီး သေနတ် ၅ လက်နဲ့ RPG ၁ လက်လည်း ထပ်မံသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့က မိတဲ့ ၃ ယောက်က မိုင်းမိထားတော့ လမ်းမလျှောက်နိုင်ကြဘူး။ ချောင်းဘေးနားမှာ ထိုင်နေကြတဲ့ အချိန်ကို မိတာ။ ညနေပိုင်းမှာ တယောက်ထပ်မိတယ်။ သူတို့က(ရာထူးအကြီးပိုင်းတွေက) ဒဏ်ရာမရတဲ့သူတွေ ကိုခေါ်ပြီး ကိုယ်လွတ်ရုန်းသွားကြတယ်။ ဒဏ်ရာရတဲ့ဟာတို့ မပြေးနိုင်တော့တဲ့ဟာဆို ထားခဲ့လိုက်တော့တာ” လို့ တမူးခရိုင် တပ်ရင်း ၂က တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သား‌တွေကိုတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ဆောင်ရွက်နေပြီး ဘေးကင်းလုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားကာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ ဒုတပ်ရင်းမှူးအဆင့်ရှိသူ ၂ ဦးနဲ့ ၃ ပွင့် ဗိုလ်ကြီး ရာထူးရှိသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

တပ်ပျက်ဆုတ်ခွာပြေးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တကွဲတပြားစီနဲ့ ချင်းပြည်နယ်၊ တမူး၊ ကလေး၊ မော်လိုက် စတဲ့ဘက်တွေကို ထွက်ပြေးသွားကြပြီး ကာကွယ်ရေးအဖွဲ့တွေကလည်း နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ခမ်းပါတ်တိုက်ပွဲကြောင့် ခမ်းပါတ်၊ ကနန်၊ ဘုက္ကန်၊ နန်းကတိတ်၊ နန်းခေါက်ခေါက်၊ ဝိတုတ်၊ သနန်၊ ဖိုင်လင်း၊ စေတီ၊ ပန်းသာ၊ ထန်းတပင် စတဲ့ ကျေးရွာတွေက ဒေသခံ ၂ သောင်းကျော် စစ်ရှောင်နေရတာလည်း ဖြစ်ပါ တယ်။

“တိုက်ပွဲတွေက မနေ့ကမှ နားတာဆိုတော့ လောလောဆယ် ပြည်သူတွေကတော့ စစ်ရှောင်နေကြဆဲပဲ။ မြို့ထဲမှာ လေယာဉ်တွေ ဘာတွေနဲ့ လာမှာစိုးလို့ပေါ့။ တောထဲမှာ စစ်ရှောင်နေရတော့ ဆေးဝါးနဲ့ စားစရာ လိုအပ်နေတာ တွေတော့ရှိတယ်” လို့ တမူးဒေသခံတဦးက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနကလည်း ခမ်းပါတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးပြီး ၁၈ ဦး ကျော် ဒဏ်ရာရရှိထားတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

ပုံစာ - ခမ်းပါတ်တိုက်ပွဲတွင် သိမ်းဆည်းရမိထားသည့် လက်နက်များ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #တမူးခရိုင် #ခမ်းပါတ်မြို့ #တပ်ပျက် #စစ်ကောင်စီ #စခန်းသိမ်း #စစ်သုံ့ပန်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10