ခမ်းပါတ်မှာ စစ်ရေးတင်းမာနေလို့ တမြို့လုံးနီးပါး စစ်ရှောင်နေရ၊ စစ်ရှောင်ဦးရေ သောင်းဂဏန်းထိရှိလာ

ခမ်းပါတ်မှာ စစ်ရေးတင်းမာနေလို့ တမြို့လုံးနီးပါး စစ်ရှောင်နေရ၊ စစ်ရှောင်ဦးရေ သောင်းဂဏန်းထိရှိလာ

 

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာကာ ထိတွေ့မှုတွေရှိနေတဲ့အတွက် တမြို့လုံးနီးပါး ဘေးလွတ်ရာဒေသတွေကို ပြောင်းရွှေ့စစ်ရှောင်နေရတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဇူလိုင် ၂၁ ရက်ကတည်းက ခမ်းပါတ်မှာ စစ်ရေးတင်းမာနေတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီစခန်းနဲ့ အနီးတဝိုက်ကပြည်သူတွေကို ပြောင်းရွှေ့ဖို့ ကြိုတင်သတိပေးထားကာ စစ်တပ်ဘက်ကပစ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူတဦး သေဆုံးပြီးနောက်မှာတော့ တမြို့လုံးနီးပါး ရွှေ့နေကြတယ်လို့ ဆိုပါတယ်။

“မိန်းကလေးနဲ့ သက်ကြီးရွယ်အိုတွေကတော့ အရင်ရက်ကတည်းက အကုန်ပြေးထားပြီ၊ ယောကျ်ားတွေကတော့ အစက မပြေးဘူး၊ ဒါပေမယ့် လက်နက်ကြီးက ရွာထဲကိုကျထားလို့ ကြောက်လို့ ထွက်လာတာ” လို့ ခမ်းပါတ် ဒေသခံတဦးက ပြောပါတယ်။ 

ခမ်းပါတ်မှာ မြို့ပေါ်ရပ်ကွက် ၅ ခုရှိပြီး စစ်ကောင်စီတပ်နဲ့ ရဲစခန်းက ခမ်းပါတ်မြောက်ပိုင်း ရပ်ကွက် (၁)  မှာ ရှိတဲ့အတွက် အဆိုပါရပ်ကွက်က ပြည်သူတွေနဲ့ ချောင်းတဖက်ခြမ်းရှိ ကနန်ကျေးရွာက ပြည်သူတွေ ကနဦး ထွက်ပြေးကြရတာလည်း ဖြစ်ပါတယ်။ 

“ပြည်သူကတော့ ပြေးမှာပဲ၊ လက်နက်ကြီးနဲ့ထုရင် မြို့တောင်ဖျား မြောက်ဖျားမီတာကို၊ နီးစပ်ရာ ရွာတွေတို့ တောထဲတို့ပြေးကြမှာ၊ မြို့ထဲ မနေကြတော့တာတော့ အမှန်ပဲ၊ ခမ်းပါတ်မြောက်ဘက်က ကနန်ရွာမှာလည်း လူမနေတော့ဘူး၊ ပြည်သူတွေက မရှောင်လို့ မရဘူး၊ ကနန်ရဲ့ အရှေ့ဘက် တိန်းကယားရွာနားမှာ တပ်ကူတွေ ပုဇင်း(ရဟတ်ယာဉ်)တွေနဲ့ချသွားတယ် အတော်များတယ်” လို့ တမူးဒေသခံ တဦးက ပြောပါတယ်။ 

ဇူလိုင် ၂၂ ရက်ညပိုင်းမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ပြည်သူတဦး သေဆုံးပြီးနောက်မှာတော့ ကျန်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၂၊ ၃၊ ၄၊ ၅ က ပြည်သူတွေ ထပ်မံရှောင်တိမ်းကြပြီး စစ်ရှောင်လူဦးရေ သောင်းဂဏန်းဝန်းကျင်ရှိနေတယ်လို့ ဆိုပါတယ်။ 

“တမြို့လုံးလိုပဲ ရှောင်နေကြတာ၊ ဒီနေ့ (ဇူလိုင် ၂၅)လည်း ကားတွေအများကြီးပဲ ခမ်းပါတ်ဘက်ကနေ ကလေးဘက် ရှောင်လာကြတာ၊ ဘယ်တွေသွားကြမလဲတော့ မသိဘူး၊ သွားတော့သွားကြတယ် တော်တော်များတယ်၊ ကျနော့်ရှေ့တင် ကားကြီး ၄ စီးဖြတ်သွားပြီး ခမ်းပါတ်မြို့ထဲတော့ ကုန်သလောက်ရှိသွားပြီ။”လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

ခမ်းပါတ်မြို့ဟာ တမူးမြို့နဲ့ ၃၅ မိုင်၊ ကလေးမြို့နဲ့ ၅၂ မိုင် ကွာဝေးကာ တမူး - ပန်းသာဘက်မှာလည်း စစ်ဆိုင်နေကြတဲ့အတွက် ပြည်သူအများစုကတော့ နီးစပ်ရာတောစပ်တွေ၊ အိန္ဒိယနယ်စပ်နဲ့ ကလေးမြို့ဘက်တွေကို ထွက်ပြေးလာကြပြီး ကလေးမှာတင် စစ်ရှောင်ဦးရေ ၁၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။ 

ဇူလိုင် ၂၀ ရက်က ခမ်းပါတ်ချောင်းအနီးမှာ ဂိတ်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကာကွယ်ရေးရဲဘော်တွေ ထိပ်တိုက်တိုးကာ ရဲဘော် ၄ ဦး ဖမ်းဆီးခံလိုက်ရပြီးနောက် အဆိုပါ ရဲဘော်တွေကို ပြန်လည်ကယ်တင်ဖို့ စစ်အုပ်စုတပ်စွဲတဲ့နေရာကို ဝင်တိုက်ရာကနေ ခုလို နှစ်ဖက်စစ်ရေး တင်းမာခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ - ထွက်ပြေးတိမ်းရှောင်နေကြသည့် ခမ်းပါတ်ဒေသခံများ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #ခမ်းပါတ် #စစ်ကောင်စီ #PDF #စစ်ရေးတင်းမာ #ဒေသခံ #ထွက်ပြေးတိမ်းရှောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10