ခမ်းပါတ်မှာ တိုက်ပွဲပြန်ဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးဟုဆို၊ လေကြောင်းနဲ့ ၂ ရက် ဆက်တိုက်ပစ်ခတ်နေ

ခမ်းပါတ်မှာ တိုက်ပွဲပြန်ဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးဟုဆို၊ လေကြောင်းနဲ့ ၂ ရက် ဆက်တိုက်ပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့မှာ စစ်ကောင်စီနဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်မှုပြန်လည်စတင်နေပြီး ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတာကြောင့် လေကြောင်းပစ်ကူပေးနေတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဇူလိုင် ၂၈ရက် မနေ့ မနက် ၁၁နာရီဝန်းကျင်ကစလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဖြစ်ပြီး အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီဘက်က မီးရှို့နေလို့ ကာကွယ်ရေးရဲဘော်တွေက သွားရောက်ကြည့်ရှုစဉ်မှာ ပစ်ခတ်မှုတွေ စတင်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ လေကြောင်းနဲ့ စစ်ကူလာတယ်၊ ပစ်လည်းပစ်တယ်။ မနေ့ကလည်း ပစ်တယ်၊ ဒီနေ့လည်း ပစ်တယ်၊ အခြေအနေ ဘယ်လိုဖြစ်မလဲ မသိရသေးဘူး ပစ်နေတုန်းပဲ။ စစ်**က အဓိက လေကြောင်းပဲ အားကိုးတာ၊ လေကြောင်းမရှိရင် သူတို့အပြင်မထွက်ရဲဘူး”လို့ ခမ်းပါတ်ဒေသခံတဦ်းက မြေလတ်အသံကို ပြောပါတယ်။

ဇူလိုင် ၂၈ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦီးသေဆုံးကာ ပကဖရဲဘော်တဦီး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး ဒီနေ့ တိုက်ပွဲကတော့ လက်ရှိအချိန်ထိ မပြီးသေးတဲ့အတွက် မသိရသေးဘူးလို့ ဆိုပါတယ်။ 

စစ်ကောင်စီက မနေ့ နေ့လယ် ၁၁နာရီခွဲဝန်းကျင်က လေကြောင်းနဲ့ စစ်ကူတပ်သားတွေ ပို့ဆောင်သွားရုံသာမက ပစ်ခတ်မှုတွေပြုလုပ်သွားကာ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်ကလည်း လေကြောင်းကနေ ထပ်မံပစ်ခတ်သွားပြီး ခမ်းပါတ် အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ ပြည်သူ ၇ ဦီးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ခမ်းပါတ်မှာ တမြို့လုံးနီးပါး စစ်ရှောင်နေကြပေမယ့် ပြည်သူတချို့ကတော့ အိမ်နဲ့ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေကို စိုးရိမ်တဲ့အတွက် မြို့ထဲမှာပဲ ဆက်လက်နေထိုင်နေကာ တိုက်ပွဲစဖြစ်တဲ့ရက်ကနေ ဒီနေ့ထိ ပြည်သူ ၃ ဦီး အသတ်ခံထားရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၇ရက်ကစပြီး ခမ်းပါတ် ၁ ရပ်ကွက်နားက အိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ စတင်လာကာ ဒီနေ့လည်း နေအိမ်တွေကို မီးထပ်ရှို့နေတယ်လို့ ဆိုပါတယ်။

“ဒီနေ့က မပြောတတ်သေးဘူး။ မီးခိုးက အရမ်းများတော့ လူငယ်တွေက ကြည့်ဖို့သွားတာ။ အခုချိန်ထိ တိုက်တုန်းပဲ၊ ဒီနေ့တော့ စိုးရိမ်ရတယ်လို့ပြောရမှာပေါ့၊ မီးခိုးထွက်တာကြည့်ရတာတော့ တအိမ် ၂အိမ် မကဘူးထင်တယ်။ ပြီးတော့ အိမ်တွေက ကပ်တော့ ပိုပြီးစိုးရိမ်ရတာပေါ့" လို့ သူက ဆက်ပြောပါတယ်။

ခမ်းပါတ်မှာ ဇူလိုင် ၂၂ရက်က စတင်ကာ တိုက်ပွဲစတင်ဖြစ်ပွားနေတာဖြစ်ပြီး  လက်ရှိတိုက်ပွဲတွေ ပြန်လည်မဖြစ်ပွားခင်အထိ စစ်ကောင်စီဘက်က ၁၀ ဦီးထက်မနည်းသေဆုံးထားကာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

ပုံစာ - ဇူလိုင်လ ၂၆ ရက် ခမ်းပါတ်တိုက်ပွဲအတွင်း လေကြောင်းပစ်ကူပေးခဲ့သည့် စစ်ကောင်စီလေတပ်သုံး Mi - 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစီးအား တွေ့ရစဉ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #ခမ်းပါတ် #တိုက်ပွဲသတင်း #လေကြောင်းပစ်ကူ #စစ်ကောင်စီတပ် #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10