ခမ်းပါတ် လေကြောင်းတိုက်ခိုက်ခံရမှု  ကလေး ၄ ဦးအပါ ၁၆ လောင်းကို တွေ့ရှိထား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့အနီးက ကနန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၅ နှစ်အောက်ကလေး‌ငယ်တွေအပါအဝင် လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဇန်နဝါရီလ ၇ ရက် ဒီမနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က A5 လေယာဉ်အမျိုးအစားနဲ့ ဗုံး ၅ လုံးနဲ့အထက် ကြဲချခဲ့တာဖြစ်ပြီး ကျေးရွာအနောက်ပိုင်းက စာသင်ကျောင်းနဲ့ ဘုရားကျောင်းအနီးကို ကျရောက်ပေါက်ကွဲကာ ဘုရားကျောင်းတက်တဲ့ပြည်သူတွေပါ ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

"ကလေး ၃ နှစ်အရွယ်များတယ်၊ ကား ၃ စီးနဲ့ သယ်ရတယ်၊ ကားနဲ့ ဒဏ်ရာရတဲ့သူတွေသယ်တာ အခေါက်မနည်းတော့ဘူး၊ ကလေးတွေ အရမ်းများတယ်" လို့ ခမ်းပါတ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိအချိန်ထိ ကလေးငယ်အလောင်း ၄ လောင်းအပါအဝင် ၁၆ လောင်းကို တွေ့ထားပြီး အဲ့ဒီထဲမှာ ဘယ်သူဘယ်၀ါဆိုတာ ခွဲခြားလို့မရသေးတဲ့ အလောင်းတွေလည်းပါ၀င်တယ်လို့ ဆိုပါတယ်။ 

ကျေးရွာလူကြီးတွေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းတချို့က ကျန်းမာရေးအသိပေး သင်တန်းဆင်းပွဲလုပ်နေချိန် သတင်းပေါက်ကြားပြီး အခုလိုတိုက်ခိုက်ခံရတာလို့ ကာကွယ်ရေး ရဲဘော်တချို့က ပြောပေမယ့် ဘာကြောင့်ပစ်ခတ်တယ်ဆိုတာကို မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာတော့ ခမ်းပါတ်မြို့ရှိ PDF စခန်းမှာ အစည်းဝေး လုပ်နေချိန် ဗုံးကြဲခံရပြီး PDF ၅၀ ကျော်သေဆုံးကာ ၃၀ ခန့် ဒဏ်ရာရပြီး အလောင်း ၁၅ လောင်း ကောက်နိုင်သေးတယ်လို့ ဖော်ပြထားပါတယ်။

ကနန်ကျေးရွာဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ခမ်းပါတ်မြို့နဲ့ ကပ်လျက်မှာ တည်ရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #တမူး #ကနန် #စစ်ကောင်စီ လေကြောင်းတိုက် #ဒေသခံ #သေဆုံး #ကလေးသူငယ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10