ခရီးသွားကားတွေကို ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စု ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၆ ဦးသေဆုံးဟုဆို

ခရီးသွားကားတွေကို ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စု ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၆ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ ရွာသာကြီးကျေးရွာ ၄ လမ်းဆုံမှာ ခရီးသွားကားတွေကို ငွေတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၁ ရက်၊ မနေ့ကမနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ စစ်သားအင်အား ၁၅ ဦးခန့်နဲ့ ငွေတောင်းဖို့ စုနေချိန် ဒရုန်းအသုံးပြုပြီး ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာလို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင် တပ်ရင်းမှူးဆီက သိရပါတယ်။


“ပိုက်ဆံကောက်ဖို့ ၁၅ ယောက်စုနေတဲ့နေရာကို အပြင်းစား ဗုံးသီး ၂ လုံးကျပြီး မျက်မြင်တွေရဲ့ပြောပြချက်အရ ၁၃ ကောင်လဲသွားပြီး၊ ၆ ကောင်သေ ၇ ကောင် ဒဏ်ရာရတယ်” လို့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ထိခိုက်သေဆုံးသူတွေကို သူတို့စုဝေးရာ ၄ လမ်းဆုံအနီးရှိ တိုက်အိမ်တခုထဲကို ဆွဲသွင်းသွားပြီး တံခါးပိတ်သွားတယ်လို့ မြေပြင်တိုက်ခိုက်ရေးနဲ့ နီးစပ်သူတွေရဲ့ ပြန်ပြောချက်အရ သိရပါတယ်။

“နောက်ထပ် အဲ့ဒီအော်သံတွေလည်း ကြားရတယ်၊ ဖြတ်သွားဖြတ်လာ‌တွေမေးတဲ့ အခါမှာလည်း အဲ့ဒီဒရုန်းကျကွဲတဲ့နေရာမှာ သွေးအိုင်ကြီးလည်း တွေ့ရတယ်” လို့ ဗိုလ်သက်ကြီးက ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေတွေနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒီတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်မဟာ တပ်ရင်း - ၇ မြင်းခြံခရိုင်၊ နဂါးနီတပ်ရင်း၊ တပ်ရင်း ၁ ကျောက်ဆည်ခရိုင်၊ တပ်ရင်း ၁၅ ရွှေဘိုခရိုင်၊ ဆားတောင်မိုးကြိုးအဖွဲ့နဲ့ နယ်မြေခံအဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10