ခရီးသည်တင်ကား ၁ စီး လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရ

ခရီးသည်တင်ကား ၁ စီး လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာအနီး ချောက်-ရေနံချောင်းကားလမ်းပေါ်မှာ ခရီးသည်တင်ကား ၁ စီး လမ်းဘေးသစ်ပင်ဝင်တိုက်ခဲ့တာကြောင့် ကားပေါ်ပါမှာလိုက်ပါလာသူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက်မနက် ၈ နာရီခန့်မှာ ရေနံချောင်းမြို့ဘက်ကနေ ချောက်မြို့ဘက်ကို ခရီးသည် ၁၁ ဦးကိုတင်လာတဲ့ ခရီးသည်တင်ကားဟာ ကားလမ်းမိုင်တိုင်အမှတ် ၃၇၁/၂ နဲ့ ၃၇၁/၃ ကြားမှာ လမ်းဘေးသစ်ပင်ကိုဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

"အမျိုးသား ၁ ယောက်သေသွားတယ်။ ညာဘက်က ခြေထောက်ကျိုးပြီး ဆေးရုံရောက်မှဆုံးတာ။ ၅ ယောက် ဒဏ်ရာရတာက အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦး။ ဖြစ်ပြီးမှရောက်သွားတာဆိုတော့ သူများ ပြောတာက တိုင်လော့ပြုတ်ပြီး သစ်ပင်ဝင်တိုက်တာလို့တော့ပြောတယ်။” လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးခဲ့သူတဦးက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် အသက် ၄၀ ကျော်အရွယ် ကိုကျော်မင်းနောင်သေဆုံးပြီး အသက် ၃၀ အရွယ်  အမျိုးသား ၁ ဦးနဲ့ အသက် ၃၀ ကနေ ၆၀ ကြား အမျိုးသမီး ၄ ဦး ပွန်းပဲ့ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသေဆုံးသူတွေကို ဒေသလူမှုကူညီရေးအသင်းတွေက မကွေးဆေးရုံကိုပို့ထားပြီး ဆေးကုသမှုခံယူနေကာ ကားကို ချောက်မြို့မရဲစခန်းဘက်ကိုသယ်သွားပြီး ယာဉ်မောင်းကိုတော့ ဖမ်းဆီးထားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ချောက် #ခရီးသည်တင်ကား #ယာဉ်တိုက်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10