ခလရ ၂၅၅ က စစ်သားတွေပါ၀င်တဲ့အဖွဲ့ တိုက်ခိုက်ခံရပြီး ၁၂ ဦးသေ၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျွဲဦးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း ၁ People's Defence Force - Salin အဖွဲ့က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ခလရ ၂၅၅ တပ်က စစ်သားတွေနဲ့ ရဲတွေပူးပေါင်းပါလာပြီး စလင်းမြို့နယ်ထဲက မန်းကျည်းကန်မှော်ကနေ ကျွဲဦးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာလို့ အောက်တိုဘာ ၂၁ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်ကနေ ၄ နာရီ ၁၅ မိနစ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၂ နာရီကျော်ကြာခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ဘက်ကလည်း ပစ်တယ်၊ ကိုယ့်ဘက်ကလည်း ပစ်ပေါ့၊ သူတို့ဘက်ကလည်း လက်နက်ကြီးတွေ RPG စက်လတ်တွေနဲ့ ဆွဲတယ်၊ ကျနော်တို့ဘက်ကလည်း ရှိတဲ့လက်နက်တွေနဲ့ တိုက်တာပေါ့၊ ကျနော်တို့တတွေ အသာစီးရပြီး **စစ်ကြောင်းကို တိုက်ခိုက်နိုင်တယ်၊ မီတာ ၁၀၀ အကွာကနေ တိုက်တာပါ၊ လက်ရှိအတွင်းဖရဲသီးသတင်းပေးချက်အရ စုံစမ်းသိရှိရတာကတော့ ၁၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရတယ်" လို့ မင်းဘူးခရိုင် တပ်ရင်း ၁ People's Defence Force - Salin တပ်ရေးဗိုလ်ကြီး တွမ်တီဝမ်းက ပြောပါတယ်။

အဲ့ဒီ စစ်ကြောင်းဟာ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွားပြီး ငလှိုင်တွင်းရွာက အထိုင်စခန်းကုန်းကို ပြန်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် တပ်ရင်း ၁ People's Defence Force-Salin၊ အမှတ် ၂ တပ်ရင်း နဲ့ SLN-LPDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကလည်း စလင်းမြို့နယ်၊ ငလှိုင်တွင်းကျေးရွာအနီးက ရေနံမှော်မှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းတခုကို မင်းဘူးခရိုင် တပ်ရင်း ၁ People's Defence Force-Salin အဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စလင်း #ခလရ၂၅၅ #စစ်ကြောင်း #စစ်သား #ရဲ #တိုက်ခိုက်ခံရ #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10