ခလရ ၇၃ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးတွေနဲ့ပစ်လို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ထိခိုက်သူများ

ခလရ ၇၃ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးတွေနဲ့ပစ်လို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ထိခိုက်သူများ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးက စစ်ကောင်စီရဲ့ ခလရ ၇၃ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့အတွက် ပြည်သူထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၉ ရက် နေ့လယ်ပိုင်းကစပြီး ခလရ ၇၃ ကို KNLA ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ 

အဲဒီနောက်ပိုင်း ခလရ ၇၃ က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေပြီး ကင်မွန်းချူံ၊ ပုဂံကွဲ၊ ဒိုးတန်း၊ ဒါးဒေါင်စတဲ့ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲနေတာလို့ ဆိုပါတယ်။ 

"တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ကြီးသံတွေက ဆက်တိုက်ပဲ။ ဒီမနက်(သြဂုတ် ၁၀)လည်း ထပ်ပစ်နေတယ်။ အများစုလက်နက်ကြီးတွေက ခလရ ၇၃ ကပစ်နေတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဩဂုတ် ၉ ရက် ညပိုင်းမှာ ကင်မွန်းချူံကျေးရွာထဲ လက်နက်ကြီး ၃ လုံးကျပြီး အဖွားအို ၁ ဦးနဲ့ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက် ဒီမနက် ၉ နာရီခန့်မှာတော့ ကင်းမွန်းချူံကျေးရွာ၊ ရှမ်းစုပိုင်းကို လက်နက်ကြီး ထပ်မံကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ကလေးငယ်တွေအပါအဝင် ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

ဒါ့အပြင် နောက်ထပ်သေဆုံးသူတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေကပြောဆိုနေကြပေမယ့် မြေလတ်အသံက အတည်ပြုနိုင်ဖို့စုံစမ်းနေပါတယ်။

ဒီနေ့လယ် ၁၂ နာရီကျော်အထိလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီး ဒေသခံအများစုကတော့ ပိတ်မိနေကြတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကင်မွန်းချုံ၊ ပုဂံကွဲ၊ ဒိုးတန်း၊ ဒါးဒေါင်းကျေးရွာတွေက ဒေသခံထောင်ချီဟာ ဇရပ်ကြီး၊ တောင်ငူမြို့နဲ့ အခြားဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက်ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကလည်း ခလရ ၇၃၊ ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတား စစ်ကောင်စီဂိတ်၊ နှစ်တန့်ကူတံတားနဲ့ ရေကြည်ချောင်းတံတားစစ်ဆေးရေးဂိတ်တွေကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။ 

အဲ့ဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးခဲ့ပြီး KNLA ပူးပေါင်းတပ်တွေ ဘက်ကလည်း ၂၀ ကျော်သေဆုံးကာ ၄၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ KNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဒါ့အပြင်အရပ်သား ၁၀ ဦးကျော်သေဆုံးကာ ၅၀ ကျော်ဒဏ်ရာရခဲ့ပြီးဒေသခံ ၁၀၀၀၀ ကျော်လည်း စစ်ဘေးရှောင်ခဲ့ရပါသေးတယ်။ 

ပုံစာ - လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည့် အိမ်တလုံး။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ခလရ၇၃ #စစ်ကောင်စီ #ပစ်ခတ် #လက်နက်ကြီး #ဒေသခံသေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10