ခိုလှုံသူ ၇၀ ကျော်ရဲ့ နေထိုင်ရေး ကျောင်းသားလက်ရုံးတပ် ကူညီပေးနေ

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကိုတိမ်းရှောင်လာကြတဲ့ မိသားစု ၃၀ ကျော်ရဲ့ နေထိုင်စားသောက်ရေးကို ကူညီပေးနေတယ်လို့ ကျောင်းသားလက်ရုံးတပ် SAF က ဗဟိုကော်မတီဝင် ကိုကျော်ဟိဏ်းက ပြောပါတယ်။

ခိုလှုံလာသူ မိသားစု ၃၀ ကျော်မှာ မိသားစုဝင်အရည်အတွက် ၇၀ ကျော်ရှိပြီး ကလေးသူငယ်နဲ့ စစ်မှုထမ်းအရွယ် လူငယ်ပိုင်းတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စာရင်းကောက်တာ မဲနှိုက်တာတွေ ပြုလုပ်လာတာနဲ့အမျှ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းထဲက မိသားစုတွေ လာရောက်ကြသလို အချို့ကတော့ တပ်တွင်းရဲဘော်တွေရဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကျောင်းသားလက်ရုံးတပ် စစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်တဲ့ မကွေးတိုင်းအစပ်က မဟာမိတ်လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေထားရှိပြီး နေထိုင်ရေးအတွက် အဆောက်အဦး၊ တဲ ဆောက်လုပ်ပေးတာ၊ စားနပ်ရိက္ခာထောက်ပံ့ပေးတာနဲ့ ကျန်းမာရေးအရ ဆေးဝါးကုသဖို့ လုပ်ဆောင်ပေးတာတွေကို ပြုလုပ်ပေးနေတယ်လို့ ကိုကျော်ဟိဏ်းက ပြောပါတယ်။

ကျောင်းသားလက်ရုံးတပ်ကိုရောက်ရှိလာတဲ့ သူတွေကို စုဆောင်းရေးနဲ့ ခိုလှုံရေးခွဲခြားထားပြီး ခိုလှုံသူတွေကို စစ်သင်တန်းပေးတာတွေနဲ့ တပ်တွင်းတာဝန်ပေးတာတွေ မပြုလုပ်ဘူးလို့ ဆိုပါတယ်။

စစ်မှုထမ်းဥပေဒကြောင့် ကျောင်းသားလက်ရုံးတပ်လှုပ်ရှားရာ စစ်ဒေသတွေဆီကို စုံစမ်းလာသူ ၂၀၀၀ ကျော်မှာရှိပြီး သင်တန်းသားအဖြစ် ရောက်ရှိလာသူ ၃၀၀ ကျော်ကို လက်ရှိမှာ စစ်သင်တန်းပေးနေပြီ လို့သိရပါတယ်။

တည်းဖြတ်-HP

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10