ခုချိန် ရွာပြန်ရင် လမ်းမှာပဲ သေရလိမ့်မယ် (အမျိုးသမီးကဏ္ဍ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ရှိန်းမကားရွာကို ၂၀၂၄ နှစ်ဦးပိုင်းလောက်က စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာတာကြောင့် ရွာသားတွေ ရုတ်တရက်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ထွက်ပြေးခဲ့ရတဲ့ ရှိန်းမကားရွာသား ၅၀၀ ဝန်းကျင်ဟာ အဝတ်တထည် ကိုယ်တခုနဲ့ စစ်ကောင်စီလက်က လွတ်ရင်ပြီးရောဆိုပြီး ရတဲ့နည်းနဲ့ ရွာကနေထွက်ပြေးလာကြရတာ ဖြစ်ပါတယ်။

ရှိန်းမကားရွာကို စစ်ကြောင်းဝင်တုန်းက အိမ်တွေကို မီးရှို့သွားခဲ့သလို ဒေသခံတချို့ကို ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး အဖမ်းခံရတဲ့ ရွာသား ၃ ဦးကတော့ အခုထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ ရှိန်းမကားရွာ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ရှိန်းမကားရွာကို စစ်တပ်က စစ်ကြောင်းထိုးမယ်လို့ သတင်းရတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒေသခံတွေကို ရွာကနေ ရှောင်ကြဖို့ ကြိုအသိပေးခဲ့လို့ တချို့ကအချိန်မီထွက်ပြေးနိုင်ကြပေမယ့် တချို့ကတော့ စစ်ကြောင်းလာမှ ထွက်ပြေးကြတာဖြစ်ပါတယ်။

စစ်ရှောင်တွေထဲက အသက် ၆၀ ကျော် စစ်ရှောင်အမေအိုတယောက်ကတော့ ရွာမှာ သူထွက်ပြေးလာတုန်းက သားသမီးတွေနဲ့ တကွဲတပြားဖြစ်ကာ တရွာတည်းနေသူတွေရဲ့အကူအညီနဲ့ စစ်ရှောင်စခန်းထဲကို ရောက်လာတာလို့ ပြောပါတယ်။

အသက်ဘေးကလွတ်ပြီဖြစ်ပေမယ့်လည်း လက်ရှိ စစ်ရှောင်စခန်းမှာ ခိုလှုံနေတာ ၆ လကြာပြီဖြစ်လို့ စားနပ်ရိက္ခာနဲ့ စားသောက်ကုန်တွေ လိုအပ်နေသလို မိုးတွင်းကာလရောက်လာပြီဖြစ်တဲ့ အတွက် နေစရာ အဆောက်အဦတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ 

အလှူရှင်တွေ လာကူညီတာရှိပေမယ့် အလှူရှင်မရောက်တဲ့ ကာလတွေမှာတော့ ဆန်ကအစ ပြတ်လပ်တဲ့အတွက် ဖြစ်သလိုစားသောက်နေကြတာလို့ ပြောပါတယ်။

စစ်ရှောင်အများစုဟာ လက်ရှိအခြေအနေအရ ရွာကို မပြန်ရဲကြဘဲ အရဲစွန့်ပြန်ဝင်မယ်ဆိုရင် ရွာကိုမရောက်ဘဲ လမ်းခုလတ်မှာတင် စစ်ကောင်စီတပ်နဲ့တွေ့မှာကို  စိုးရိမ်ကြောက်ရွံ့နေကြကာ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက ရွာပြန်လို့ရပြီဆိုတဲ့ အကြောင်းကြားလာမယ့်နေ့ကိုပဲ စောင့်နေကြရပါတယ်။

သတင်းနှင့်တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက်မြို့ #ရှိန်းမကားရွာ #စစ်ဘေးရှောင် #အမျိုးသမီးများ #အကူအညီလိုအပ် #အမျိုးသမီးကဏ္ဍ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10