သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ၃ ဦးနေရာကို ခေါင်းဆောင်သစ်တွေနဲ့ အစားထိုးခန့်အပ်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ မတ္တရာမြို့နယ်ပကဖအဖွဲ့ဝင်တွေဟာ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ပြီး မတ္တရာမျိုးမှန်တပ်ဖွဲ့နာမည်နဲ့ တပ်ရင်းတခုဖွဲ့စည်းလိုက်တယ်လို့ အသစ်ဖွဲ့စည်းလိုက်တဲ့တပ်ရင်းမှ ယာယီစစ်ရေးတာဝန်ခံ ကိုဒေါင်းလမ်းက ပြောပါတယ်။
ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်လက်မှတ်နဲ့ အစားထိုးခန့်အပ်လိုက်တဲ့ ပကဖခေါင်းဆောင် ၃ ဦးဟာ ဒေသခံပြည်သူနဲ့ မတ္တရာမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆန္ဒမပါဘဲ အစားထိုးလိုက်တာဖြစ်တဲ့အတွက် ဒီလုပ်ရပ်ဟာနည်းစနစ် မမှန်ကန်ဘူးလို့ မှတ်ယူတဲ့အတွက် အခုလိုနုတ်ထွက်လိုက်ရတာဖြစ်တယ်လို့ ကိုဒေါင်းလမ်းက ဆိုပါတယ်။
ဒါကြောင့် မတ္တရာပကဖအနေနဲ့ ပကဖလက်အောက်ခံအဖြစ် မရပ်တည်တော့ဘဲ MODရဲ့ တိုက်ရိုက်လက်အောက်ခံ တပ်ရင်းအဖြစ် တပ်ရင်း(၁) မတ္တရာမျိုးမှန်တပ်ရင်းကို စက်တင်ဘာ ၁ ရက်မှာ ထူထောင်ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
မတ္တရာမြို့နယ်မှာ ၂၀၂၁ သြဂုတ် ၂၀ ရက်က ပကဖအဖွဲ့ဝင် ၉ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စုစည်းခဲ့ပြီး တော်လှန်ရေးလုပ်ငန်းများ လုပ်ကိုင်နေရာကနေ ၂၀၂၃ ဇူလိုင် ၃ ရက်မှာ အဲ့ဒီအဖွဲ့ဝင်ထဲက စစ်ရေးတာဝန်ခံ အပါအဝင် ခေါင်းဆောင် ၃ ဦးနေရာကို ကာကွယ်ရေးဝန်ကြီးလက်မှတ်နဲ့အတူ ပြင်ဦးလွင်ခရိုင်ပကဖဘက်က လူ ၃ ဦး အစားထိုးခန့်အပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
" ၂ နှစ်ကျော်တောက်လျှောက်လုပ်လာတဲ့ ၃ ယောက်ကို ဖြုတ်ပြီး ခရိုင်က မိုးကျရွှေကိုယ် ၃ ယောက်ကို ထည့်တာပေါ့" လို့ ကိုဒေါင်းလမ်းက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဘက်က အကြောင်းကြားစာနဲ့အတူ ခန့်အပ်လိုက်တဲ့ ၃ ယောက်ဟာ ဒေသခံပြည်သူ့ဆန္ဒ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆန္ဒပါဝင်မှု မရှိလို့ မတ္တရာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အပါအဝင် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေနဲ့ တခြားမြို့နယ်ပကဖအဖွဲ့ဝင်တွေက ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးကာ ဇူလိုင် ၃ ရက်က ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံ စာပို့တင်ပြခဲ့တယ်လို့ သိရပါတယ်။
ကာကွယ်ရေးဝန်ကြီးဘက်က မည်သည့်အကြောင်းပြန်ကြားချက်မှ မလုပ်လာတဲ့အတွက် ၂၀၂၃ သြဂုတ် ၂၁ ရက်မှာ အရင်ရှိနေပြီးသား မတ္တရာမြို့နယ်ပကဖအဖွဲ့ဝင် ၉ ဦးနဲ့ တိုက်ခိုက်ရေး ရဲဘော်အားလုံးဟာ ပကဖအဖွဲ့မှ နုတ်ထွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနုတ်ထွက်စာနဲ့ ပတ်သက်ပြီးတော့လည်း ကာကွယ်ရေးဝန်ကြီးဌာနဘက်က ဒီနေ့အထိအကြောင်း မပြန်ခဲ့တာကြောင့် စက်တင်ဘာ ၁ ရက်မှာ မတ္တရာမျိုးမှန်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
"တော်လှန်ရေးမှာ လုပ်စရာတွေ အများကြီးရှိတယ်။ အပြဲအကွဲတွေနဲ့ ပြည်သူကို စိတ်ဓာတ်မကျစေချင်ဘူး။ ဒါက အကွဲအပြဲဇာတ်လမ်း မဟုတ်ဘူး။ မမျှော်လင့်ထားတဲ့ ပွတ်တိုက်မှုတွေကနေ တော်လှန်ရေးအတွက် ပိုမိုအားကောင်းလာတဲ့အချက်လို့ ပြည်သူကိုသတင်းစကားပါးချင်တယ် " လို့ ကိုဒေါင်းလမ်းက ပြောပါတယ်။
လက်ရှိအချိန်မှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်လက်မှတ်နဲ့ ခန့်အပ်ထားတဲ့ မတ္တရာမြို့နယ်ပကဖအဖွဲ့ခေါင်းဆောင်သစ် ၃ ဦးဟာလည်း ဒေသတွင်းအားကောင်းတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈ ဖွဲ့နဲ့ မဟာမိတ်အဖြစ် လက်တွဲကြောင်း စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ထားပါတယ်။
မတ္တရာမြို့နယ်၊ ပကဖအဖွဲ့ဝင်တွေ အစားထိုးခန့်ထားတာနဲ့ပတ်သက်ပြီး မြေလတ်အသံကနေ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်နဲ့ မန္တလေးတိုင်းပကဖအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်တဦးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ယခုအချိန်အထိတော့ အကြောင်းပြန် ဖြေကြားတာမျိုးမရှိသေးပါဘူး။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မတ္တရာပကဖ #နုတ်ထွက် #မတ္တရာမျိုးမှန်တပ်ဖွဲ့ #ဝန်ကြီးဦးရည်မွန် #မိုးကျရွှေကိုယ် #သတင်း
Share Share Share