ချင်းတွင်းမြစ်ထဲက စစ်သင်္ဘော ၂ စီးကို လက်နက်ကြီး မရှိလို့ မတိုက်ခိုက်လိုက်ရဟုဆို

ချင်းတွင်းမြစ်ထဲက စစ်သင်္ဘော ၂ စီးကို လက်နက်ကြီး မရှိလို့ မတိုက်ခိုက်လိုက်ရဟုဆို

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၂ စီးကို  တိုက်ခိုက်ဖို့ သြဂုတ် ၂ ရက် ဒီနေ့ မနက် ၉ နာရီကျော်မှာ သွားရောက်စောင့်ဆိုင်းခဲ့ရာ သင်္ဘောကိုမြင်ခဲ့ရပေမယ့် လက်နက်ကြီးမရှိလို့ မတိုက်ခိုက်ခဲ့ရဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ Bagan Ogre Force က ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၈၀ ကျော်ပါတဲ့ အဲ့ဒီစစ်သင်္ဘော ၂ စီးထဲက တစီးမှာ မုံရွာအကျဥ်းထောင်က နိုင်/ကျဥ်းတွေတင်ဆောင်ကာ ပခုက္ကူမြို့ အကျဥ်းထောင်ကို ထောင်ပြောင်းပို့ဆောင်လာတာဖြစ်တယ်လို့ သတင်းရတဲ့အတွက် ကြိုတင်စောင့်ဆိုင်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ 

သင်္ဘောကို ပစ်ခတ်တိုက်ခိုက်နိုင်မယ့် ပေ ၅၀၀ အကွာက စောင့်ဆိုင်းခဲ့ပေမယ့် သင်္ဘောဟာ မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်ဖို့အတွက် အလှမ်းဝေးတဲ့နေရာရောက်နေတာ၊ လုံခြုံရေးလိုက်ပေးတဲ့ သင်္ဘောတစီးမှာ ပွိုင့် ၅ သေနတ်တပ်ဆင်ကာ တစီးလုံးကို ကားတာယာတွေ ပတ်ချာလည်အပြည့်နဲ့လုပ်ထားတာကြောင့် လက်နက်ငယ်နဲ့ ပစ်ရင် ထိရောက်မှု မရှိနိုင်တာ စတဲ့အချက်တွေကြောင့် မတိုက်ခိုက်ရဘဲ ပြန်လာရတယ်လို့ Bagan Ogre Force (ပုဂံပြည်ဘီလူးတပ်)မှ ပြန်ကြားရေး တာဝန်ခံ ဇီးကွက်က ပြောပါတယ်။

"ပစ်ချင်နေတာ ထိရောက်မှု မရှိဘဲ ပစ်ရင် မလိုအပ်ဘဲ ကျည်ဖြုန်းသလို ဖြစ်နေမှာမို့လို့ လက်လွှတ် လိုက်ရတာပါ။ RPG၊ R7 တို့ ရှိရင်တော့ ထိရောက်အောင်ပစ်လို့ရပါတယ်။ အခုက ကြည့်ပြီး ပြန်လာခဲ့ရတယ်" လို့ သူက ရှင်းပြပါတယ်။ 

အဲ့ဒီစစ်ဆင်ရေးဖော်ဆောင်ဖို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပုဂံပြည်ဘီလူးတပ်၊ MGN 9 STAR၊ ရယ် RBPDF (Royal Brother Defense Force) အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့က ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အထက်ပါဒေသကာကွယ်ရေးတပ်ဖွဲ့တွေမှာတော့ ငွေကြေးထောက်ပံ့မှုမရှိတာကြောင့် ဖျက်အားပြင်းတဲ့ လက်နက်ကြီးတွေ မရှိကြဘူးလို့ ဆိုပါတယ်။ 

ပုံစာ - မတိုက်ခိုက်ခဲ့ရတဲ့ ချင်းတွင်းမြစ်ထဲသွားလာနေသည့် စစ်သင်္ဘော။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြောင်မြို့နယ် #ချင်းတွင်းမြစ် #စစ်သင်္ဘော #လက်နက်ကြီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10