ချင်းတွင်းမြစ်ထဲ တိမ်းမှောက်ခဲ့တဲ့စစ်သင်္ဘောက သေဆုံးအလောင်း ၇ လောင်းထပ်မံပေါ်လာ

ချင်းတွင်းမြစ်ထဲ တိမ်းမှောက်ခဲ့တဲ့စစ်သင်္ဘောက သေဆုံးအလောင်း ၇ လောင်းထပ်မံပေါ်လာ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းနစ်မြုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်သ‌င်္ဘောမှာ လိုက်ပါလာသူတွေထဲက သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ စက်တင်ဘာလ ၂၁ ရက် ထပ်မံပေါ်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

"အလောင်းတွေ မနေ့က ၇ လောင်းထပ်ပေါ်လာတယ်။ စစ်သားအလောင်း ၄ လောင်း၊ မိန်းကလေး ၃ လောင်းပေါ့။ ရေလယ်မှာဆိုတော့ ဘယ်သူမှမဆယ်ရဲဘူး။ သင်္ဘောနဲ့အတူ ပိတ်မိနေတာတဲ့ အလောင်းတွေက ပြန်မပေါ်လာသေးဘူး"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ခန္တီးမြို့ကနေ ကျောက်စိမ်းနဲ့ လက်နက်တွေ၊
Non-CDM ၀န်ထမ်းတွေကို တင်ဆောင်လာတဲ့ စစ်သင်္ဘောတစီးဟာ စက်တင်ဘာလ ၁၉ ရက် မနက် ၁၁ နာရီ၀န်းကျင်မှာ မင်းကင်းမြို့နယ်၊ ရှဲနတ်တောင်ခြေအငူကို တိုက်မိပြီး တိမ်းမှောက်နစ်မြုပ်ခဲ့ရာ စစ်ကောင်စီတပ်သား အပါအ၀င် လူဦးရေ ရာကျော်နီးပါး သေဆုံးနိုင်တယ် လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲ့ဒီနစ်မြုပ်မှုမှာ ကုမ္ပဏီ ၀န်ထမ်း ၃ ဦး၊ အရပ်သား ၆ ဦးနဲ့ စစ်ကောင်စီတပ် သား ၃ ဦးသာ ပျောက်ဆုံးမှုရှိတယ်လို့ စက်တင်ဘာ ၂၀ ရက်က သတင်းထုတ်ပြန်ထားပါတယ်။ 

ဒါပေမယ့် လက်ရှိမြေပြင်မှာတော့ စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းအထိအလောင်း ၁၃ လောင်း ဆယ်ယူနိုင်ခဲ့ပြီး မနေ့ကပေါ်လာတဲ့ အလောင်းတွေနဲ့ဆိုရင် စုစုပေါင်း ၂၀ ဦးအထိ တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်သင်္ဘောနစ်မြုပ်စဉ် ကမ်းကပ်ထားတဲ့ စစ်ရေယာဉ် အုပ်စုက နစ်မြုပ်တဲ့သင်္ဘောကို ဆယ်ယူတာမျိုးမရှိဘဲ ဆက်လက်ထွက်ခွာသွားပြီး စက်တင်ဘာ ၂၀ ရက်နေ့က ကနီမြို့မှာ ညအိပ်ရပ်နားခဲ့တယ်လို့ ပြည် ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)အဖွဲ့က ထုတ် ပြန်ထားပါတယ်။

ပုံစာ - ချင်းတွင်းမြစ်အတွင်းသွားလာနေသည့် စစ်သင်္ဘော။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မင်းကင်း #စစ်သင်္ဘော #နစ်မြုပ် #သေဆုံး #ရုပ်လောင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10