ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီ မော်တော်ရေယာဉ် ၁၁ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

ဧရာဝတီမြစ်ကနေ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီအမြန်ရေယာဉ် ၁၁ စီးကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ ဆီက သိရပါတယ်။

စက်တင်ဘာလ ၂ ရက် မနေ့ ညနေ ၃ နာရီနဲ့ ၄ နာရီအကြားမှာ ပခုက္ကူ ဆင်ဖြူရှင်ဘက်ကနေ ချင်းတွင်းမြစ်အတိုင်းဆန်တက်လာပြီး လက်နက်ခဲယမ်းသယ်လာတယ်လို့ ယူဆရတဲ့ စစ်ကောင်စီ မော်တော်ရေယာဉ် ၁၁ စီးကို ပြောင်းတိုက်တွေ ရှော့တိုက်တွေ လက်နက်ငယ်တွေနဲ့ ကတုတ်ကျင်းတွေထဲကနေ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ရင်းမှူးက ပြေပါတယ်။

"ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေ၊ လေယာဉ်ဆီတွေ သယ်လာတဲ့ အမြန်ယာဉ် ၁၁ စီးကိုဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းတနေမှာ အနီးကပ်တိုက်ခိုက်ခဲ့တာ။ ထိခိုက်ပျက်စီးမှုတော့ရှိတယ်။ အမြန်ရေယာဉ်တွေကို တစီးနဲ့တစီး တွဲခေါ်သွားရတာမြင်ရတယ်။" လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲက ပြောပါတယ်။

အဲ့ဒီချင်းတွင်းမြစ်ကြောင်း တိုက်ပွဲမှာ Brother Defense Force Yinmarbin (BDF) အဖွဲ့လည်းပါဝင်ခဲ့ပြီး အဲ့ဒီရေယာဥ် ၁၁စီးထဲက အဓိကကျတဲ့ ၂စီးကို ကြားဖြတ်တိုက်ခိုက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"အဓိက(Main)ဖြစ်တဲ့ ဆီတင်လာတဲ့ရေယာဉ်နဲ့ စစ်ကောင်စီတပ်သားပါတဲ့ရေယာဉ် အဲ့ဒီ ၂ စီးကို ကျနော်တို့ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ ရှေ့ထွက်အဖူးတွေကို ၆ လက်မပြောင်း ၂ လုံး၊ ၄ လက်မပြောင်း ၁ လုံး၊ ရှေ့ထွက်မိုင်း ၃ ပြောင်းနဲ့ ပစ်ခတ်ခဲ့တာ။" လို့ BDF-Yinmarbin ခေါင်းဆောင် ဗိုလ်နေလအောင်က ပြောပါတယ်။

BDF-Yinmarbin ကတိုက်ခိုက်မှုကြောင့် ရေယာဥ်တစီး အင်ဂျင်ပိုင်းထိကာ နောက်ကျန်နေခဲ့ပြီး ကျန်အစီးတွေက ဆန်တက်သွားခဲ့ပြီး မုံရွာမြို့ မင်းဒေါင့်ဆိပ်ကမ်းမှာ ရပ်ထားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆၊ BDF-Yinmarbin( Brother Defense Force)၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊ ဆားလင်းကြီးGZ၊ YPF၊ တပ်ခွဲ(၁)BDF၊ တပ်ခွဲ(၂)OSTF၊ တပ်ခွဲ(၃)သမန်းကျား၊ တပ်ခွဲ(၄)SRE တို့လည်းပါဝင်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဆားလင်းကြီး #ချင်းတွင်းမြစ်ကြောင်း #စစ်ကောင်စီရေယာဉ် #တိုက်ခိုက်ခံရ #စစ်သား # PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10