ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ မော်တော်တွေ တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးကာ မော်တော် ၁ စီး ရေနစ်မြုပ်ခဲ့ဟုဆို

ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ မော်တော်တွေ တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးကာ မော်တော် ၁ စီး ရေနစ်မြုပ်ခဲ့ဟုဆို

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်အသုံးအဆောင်ပစ္စည်းတွေ တင်ဆောင်ပြီး ထွက်လာတဲ့ မော်တော် ၃ စီးကို ဇွန်လ၂၈ ရက်၊ နေ့လယ် ၁ နာရီခန့်က တိုက်ခိုက်ခဲ့လို့ စစ်သား ၅ ဦး သေဆုံးကာ မော်တော် ၁ စီးလည်း ရေနစ်မြုပ်သွားခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ- ၃) ဆီက သိရပါတယ်။

မုံရွာနမခကနေ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ပါတဲ့ အဲဒီမော်တော် ၃ စီးဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း(ပျူ)ကျေးရွာအနီးကို ရောက်လာချိန် PDF ပူးပေါင်းတပ်ဖွဲ့တွေက ကမ်းစပ်မှာ အသင့်ထောင်ထားတဲ့ ရှေ့ထွက်မိုင်း ၉ လုံးနဲ့ စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ၃၀ မိနစ်ကျော်ကြာ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ရင်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"၅ ကောင်သေတာကတော့ ကျနော်တို့ဘက်က ပစ်ခတ်ချိန် ပက်လက်လန် လဲကျသွားတာကို ကျနော်တို့ ရဲဘော်တွေကိုယ်တိုင် မြင်တွေ့ရတာပါ" လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ- ၃)  တပ်ခွဲမှူး မိုးကြိုးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ဆုံးရှုံးမှုကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်ခံရပြီးတဲ့နောက် မော်တော်တွေက ကံကြီးကုန်းပျူစောထီးရွာကို လက်နက်ခဲယမ်းနဲ့ ရိက္ခာလို့ယူဆရတဲ့ ပစ္စည်းတွေကိုချပေးပြီး မြစ်ကြောင်းအတိုင်း တောင်ဘက်ကိုဆက်သွားစဉ် ဆင်ဖြူရှင်တံတားရောက်ချိန်မှာ မော်တော်ဘုတ် ၃ စီးအနက် ၁ စီးက နစ်မြုပ်သွားတာကို တွေ့ရှိခဲ့ရတယ်လို့ တပ်ခွဲမှူး မိုးကြိုးက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆၀ မမ၊ စက်လတ်စတဲ့ လက်နက်ကြီး လက်နက်ငယ်တို့နဲ့ တရစပ် ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် PDF ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပေမယ့် အနီးနားရှိ ကျေးရွာတရွာက ပြည်သူတဦးရဲ့ သိုး၊ ဆိတ် ၇ ကောင် သေဆုံးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ -၃)၊ ငမိုးရိပ်စစ်ကြောင်း (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း)၊ မီးတောက်တပ်ခွဲ (မုံရွာခရိုင်အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၄)၊ ရန်ရှင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချောင်းဦး #ချင်းတွင်းမြစ် #ရေကြောင်းတိုက်ပွဲ #စစ်ကောင်စီ #ဒေသကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10