ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ ရေယာဉ်တွေ တိုက်ခိုက်ခံရလို့ ၃ဦးသေဆုံး

ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ ရေယာဉ်တွေ တိုက်ခိုက်ခံရလို့ ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီနဲ့ မင်းကင်းဒေသ ချင်းတွင်းမြစ်ကြောင်းတနေရာမှာ စစ်ကောင်စီ ကုန်တင်ဖလပ်ရေယာဉ် ၇ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myanmar's Royal Dragon Army-MRDA အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၁၃ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ ကုန်တင်ဖလပ်ရေယာဉ် ၇ စီးကို  စနိုက်ပါ အပါအဝင် RPG၊ 79၊ ပဒိန်(လက်လုပ်) ၈၄ မမတွေနဲ့ မိနစ် ၅၀ အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ပစ်ခတ်မှုအတွင်း ကာကွယ်ရေးအဖွဲ့က စနိုက်ပါနဲ့ ပစ်လိုက်လို့ စစ်သား ၃ ဦး သေဆုံးခဲ့သလို  RPG၊ 79 အပါအဝင် လက်နက်ကြီးနဲ့ ပစ်လိုက်ရာမှာလည်း ၇ စီးမြောက်ကို ထိမှန်ပြီး ဆက်မသွားနိုင်တော့ဘဲ စစ်သင်္ဘောတစီးနဲ့ ဆွဲသွားတယ်လို့ Myanmar's Royal Dragon Army-MRDA တာဝန်ခံ ညီနဂါးက ပြောပါတယ်။

"ကျနော်တို့ အဖွဲ့က စနိုက်ပါသမားပြောပြတာက သူပစ်တဲ့အထဲမှာ စစ်သား ၃ ဦးသေတယ်။ သူနဲ့ ရဲဘော်တွေ မြင်ရတာပါ။ ဒေသခံတွေပြန်ပြောချက်အရ အဲ့ဒီဖလပ်အပေါ်မှာ ၅ လောင်းတင်သွားတယ်" လို့ Myanmar's Royal Dragon Army-MRDA တာဝန်ခံ ညီနဂါးက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒရုန်းတွေနဲ့ ဗုံးကြဲတဲ့အပြင် လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာတွေ လုပ်ပေမယ့်  ရဲဘော်တွေအထိအခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီကုန်တင် ဖလပ်ရေယာဉ် ၇ စီးဟာ ဆင်ဖြူရှင်ဘက်ကနေလာပြီး မုံရွာဘက်ကို ဆက်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDA၊ ချင်းတွင်းနွေဦးအဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၂၅၊ တပ်ခွဲ ၅၊ ၆(MPDF) နဲ့ ဘာမထီ (သလင်း)အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်‌ကလည်း စအရ ၉၀၉ နဲ့ ခမရ ၇၀၄ စစ်ကြောင်း ၂ ကြောင်းကို Myanmar's Royal Dragon Army-MRDA အဖွဲ့က ကြောင်သန်းကျေးရွာ၊ ဆင်ရှင်ကျေးရွာနဲ့ ကျေးနင်းကြီးကျေးရွာ ၃ ရွာအကြားမှာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်‌သား ၁၀ဦးကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ချင်းတွင်းမြစ် #စစ်ကောင်စီ #ကုန်တင်ဖလပ်ရေယာဉ် #ပစ်ခတ်တိုက်ခိုက် #MRDA #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10