ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီသုံးရေယာဥ်တွေ ၂ ရက်ဆက် တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အပိုင်၊ ချင်းတွင်းမြစ်ထဲမှာ စစ်သင်္ဘောအပါ စစ်ကောင်စီအသုံးပြုနေတဲ့ ရေယာဥ်တွေကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေက ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြပါတယ်။

စက်တင်ဘာ ၂၇ရက် မနက် ၈နာရီခွဲလောက်မှာ Chindwin Fighter Group (CFG) က မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၁စီးကို ရှေ့ထွက်ပြောင်း ၈ လုံးနဲ့ ၂ နေရာခွဲပြီး ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

"စစ်သင်္ဘောက အလုံပိတ်ကြီးပါ။ သင်္ဘောပေါ်မှာ ပါလာတဲ့ အင်အားကတော့ မသိနိုင်ပါဘူး။ ၁ စီးတည်းပါ။ ထိခိုက်သေဆုံးမှုကတော့ အခုအချိန်အထိမသိရသေးဘူး။ စုံစမ်းနေဆဲဗျ။ သင်္ဘောကိုတော့ ပစ်တာထိတယ်" လို့ Chindwin Fighter Group(CFG) တာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက်မှာ အဲ့ဒီစစ်သင်္ဘောဟာ ချင်းတွင်းမြစ်ထဲကနေ ဧရာဝတီမြစ်အတွင်းကို စုန်ဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းမှာလည်း ကျောက်စိမ်း၊ သစ်၊ ကြေးပြားတွေသယ်လာတဲ့ စစ်ကောင်စီ မော်တော်ရေယာဉ် ၁၅ စီးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄ နဲ့ မဟာမိတ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

ရေယာဥ် ၁၅ စီးထဲမှာ ၃ စီးက စစ်သင်္ဘောတွေဖြစ်ကာ ကျန်ရေယာဥ်တွေက   ကျောက်စိမ်း ၊ သစ်နဲ့ ကြေးပြားတွေတင်လာတာဖြစ်ပြီး သင်္ဘော ၁ စီး ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။

"မိုးကာအုပ်ထားတဲ့ ကျောက်စိမ်းတင် ဖလက် ၄ စီး၊ သစ်တင်သင်္ဘောဖလက် ၂ စီး၊ ကြေးပြားတင်ဖလက် ၂ စီး။ ပါလာတဲ့အင်အားကိုတော့ ခန့်မှန်းလို့ မရဘူး။ ကျနော်တို့ဘက်က အထိအခိုက်အကျအဆုံးတော့ မရှိဘူး။ ကျနော်တို့ ပစ်လိုက်တဲ့ ပြောင်းတိုက်တွေ ထိမှန်ပြီး စစ်သင်္ဘော ၁ စီးကတော့ မီးခိုးထွက်သွားတယ်။" လို့  Chindwin Attack Force တပ်ရင်း ၄ တာဝန်ခံက ပြောပါတယ်။

အဲ့ဒီ ၂ရက်တာ တိုက်ခိုက်မှုမှာ Chindwin Fighter Group(CFG) နဲ့ Chindwin Attack Force တပ်ရင်း ၄ တို့နဲ့ အတူ မဟာမိတ်တပ်ဖွဲ့ ၁၂ဖွဲ့လောက်က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ချင်းတွင်းမြစ်ကြောင်း #စစ်သင်္ဘော #တိုက်ခိုက်ခံရ #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10