ချင်းနဲ့ မကွေးနယ်စပ်က ၃ရက်တာတိုက်ပွဲမှာ PDF ၆ဦးသေဆုံးပြီး စစ်သား ၈၀ဝန်းကျင်သေဆုံးဟုဆို ( ရုပ်/သံ)

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောနဲ့ လောင်းရှည်မြို့နယ်က ထွက်လာတဲ့ စစ်ယာဉ်တန်းဟာ ဆောမြို့နယ်နဲ့ ချင်းပြည်နယ်အကြားမှာ ၃ ရက်ဆက် တိုက်ခိုက်ခံရလို့ စစ်သား ၈၀ ဝန်းကျင်သေဆုံးပြီး PDF ရဲဘော် ၆ ဦးလည်း သေဆုံးခဲ့တယ်လို့ Laung She Region People's Defence Force အဖွဲ့ဆီက သိရပါတယ်။

လောင်းရှည်မြိုကနေ ထွက်လာတဲ့ စစ်ကောင်စီအင်အား ၃၀၀ ကျော်ပါတဲ့ ကား ၂၉ စီးပါယာဥ်တန်းကို ဆောမြို့နယ်နဲ့ ချင်းပြည်နယ်အကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

"ဇူလိုင်လ ၁၆ ရက် လောင်းရှည်က ထွက်လာတဲ့ ယာဉ်တန်းကို ဆောမြို့နယ် မဆွာတီနဲ့ လွဲလည်းကျင်းကြားမှာ မနက် ၉ နာရီမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ၁၇ ရက်နေ့မှာ ဆောမြို့နယ် ရင်းကဲရွာအနီး ယွန်းချောင်းဘက်မှာ မနက် ၄ နာရီကျော်ကစလို့ တိုက်ပွဲဖြစ်ခဲ့တာ။" လို့  Laung She Region People's Defence Force တာဝန်ခံက ပြောပါတယ်။

ဇူလိုင်လ ၁၈ ရက်မှာလည်း ဆောမြို့နယ်နဲ့ ချင်းပြည်နယ်အကြားမှာ မနက် ၇ နာရီကစပြီး နှစ်ဘက်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သား အယောက် ၈၀ ဝန်းကျင်သေဆုံးသလို ပူးပေါင်းအဖွဲ့တွေဘက်က ရဲဘော် ၆ ဦးလည်းသေဆုံးခဲ့တယ်လို့  ပြောပါတယ်။ 

၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးအရေအတွက် အတိအကျကို မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေကို လောင်းရှည်မြို့မှာ ဆေးကုသပေးနေပြီး ဆေးကုလို့ မရတဲ့ စစ်သားတွေကို တပ်မ ၂၅ ထဲကို ပို့ဆောင်နေပါတယ်။ 

လက်ရှိ ဇူလိုင် ၁၉ ရက်နေ့အထိ ရရှိထားတဲ့သတင်းတွေအရ စစ်ကောင်စီယာဉ်တန်းဟာ ဆောမြို့နဲ့ ချင်းပြည်နယ် နယ်ကြားမှာပဲ ဆက်ရှိနေပြီး တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ  Laung She Region People's Defence Force ၊ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊၅၊၆)များ၊  မကွေးခရိုင် တပ်ရင်း (၁)၊ မင်းဘူး ခရိုင် တပ်ရင်း(၁)၊ (၃၊၄၊၆)၊စလင်း(ပကဖ)နှင့်  CDF ခေါနု တပ်ခွဲ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ချင်းပြည်နယ် #ဆော #စစ်ယာဉ်တန်း #တိုက်ခိုက်ခံရ #စစ်သား #PDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10