ချင်းပြည်နယ်ကို ရိက္ခာပို့မယ့် စစ်ယာဉ်တန်းကို တိုက်ခိုက် ကား ၇ စီးကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့နယ်၊ သာကြီးတောင် ရေနံမြေအနီးမှာ တပ်မ ၁၀၁ က စစ်သားတွေနဲ့ ရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ကား ၇ စီးကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကမ္မမြို့ရဲ့အနောက်ဘက် သာကြီးတောင်ရေနံမြေအနီးကိုရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းရဲ့ နောက်ဆုံး ကား ၇ စီးကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲချိန် မိနစ် ၄၀ ကြာခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ အနောက်လွင်ပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်တေဇက ပြောပါတယ်။

ယာဉ်တန်းမှာပါလာတဲ့ ပေါက်မြို့နယ်၊ ဝန်ခြုံးရွာကအရပ်သား ၁ ဦး ပေါက်မြို့နယ်က အရပ်သား ၁ ဦးနဲ့ မကွေးဘက်ကချောဆွဲခံရတဲ့ ပြည်သူ ၁ ဦး၊ ချောက်မြို့ပေါ်ကပြည်သူ ၁ ဦးတို့ကို သက်ဆိုင်ရာ ပလဖ ထံအပ်နှံပြီးပြီလို့ ဆက်ပြောပါတယ်။ 

အဲဒီယာဉ်တန်းဟာ ပခုက္ကူတပ်မ ၁၀၁ ကနေ ချင်းပြည်နယ်ကို ဦးတည်ပြီးထွက်လာတာဖြစ်ပြီး ရိက္ခာကား ၁၀၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ အနောက်လွင်ပြင် LPDF ပခုက္ကူ ခရိုင် တပ်ရင်း ၁၃၊ BLY ပြောက်ကျားတပ်ဖွဲ့၊ ဧရာအနောက်ပြောက်ကျားတပ်ဖွဲ့ (ကမ္မ တပ်ပေါင်းစု)၊ PDF Kamma(ကမ္မ တပ်ပေါင်းစု)၊ PDO/PDA၊ PRF နဲ့ နယ်စီးမခြားဖရီးဒမ်းဖက်ဒရယ် စစ်ကြောင်း ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မတ် ၂၇ ရက်ကလည်း ကမ္မမြို့၊ ဂျိုးပျံရပ်ကွက်ရဲ့အနောက်ဘက်မှာ ရိက္ခာကား ၃ စီးနဲ့ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်သွားခဲ့ရာ ကား ၁ စီးကိုမီးရှို့နိုင်ခဲ့သလို ကားပေါ်ပါ တပ်သား ၁၀ ဦးခန့်ဒဏ်ရာရနိုင်တယ်လို့ ရဲဘော်တေဇက ပြောပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကမ္မမြို့ #တပ်မ၁၀၁ #ရိက္ခာယာဉ်တန်း #တိုက်ခိုက်ခံရ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10